စစ်တွေ-ပုဏ္ဏားကျွန်းအစပ် တိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်သားများနှင့် လက်နက်များ ဆုံးရှုံး

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်

ရခိုင်ပြည်ကို ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်သည် စစ်တွေ-ပုဏ္ဏားကျွန်းမြို့နယ်အစပ် တိုက်ပွဲများအတွင်း အကျအဆုံးများပြားနေသည့်အပြင် တပ်သားများနှင့် လက်နက်ခဲယမ်းများပါ ဆုံးရှုံးနေရ သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့က ကွမ်းတောင်နှင့် အမြင့်ကျွန်းကျေးရွာကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အတွင်း ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) တပ်မဌာနချုပ်လက်အောက်ခံ၊ ခလရ (၂၅၂) တပ်ရင်းမှ တပ်သား အောင်ပြည့်စုံနှင့် တပ်သား မိုင်ကယ်တို့အပါအဝင် စစ်သား ၄ ဦးထက်မနည်း စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးခံခဲ့ရသည်။

အလားတူ ဒရုန်းအပါအဝင် လက်နက်ခဲယမ်းများကိုပါ အာရက္ခတပ်တော် (AA) က သိမ်းဆည်းရရှိခဲ့သည်။

ဖမ်းဆီးခံခဲ့ရသူ တပ်သား အောင်ပြည့်စုံ က အင်အားများတယ်ဆိုပြီး တပ်စိတ်မှူးက ပြေးတယ် ကျနော်တို့ကို ထားခဲ့တယ် ကျနော်တို့ ဖမ်းခံလိုက်ရတယ်။ သစ္စာလည်းမရှိဘူး၊ ကိုယ်ချင်းစာစိတ်လည်းမရှိဘူး၊ သားသမီး စိတ်ဓာတ်လည်းမရှိဘူး ဟု ထွက်ဆိုထားသည်။

စစ်အုပ်စုတပ်သည် ရခိုင်ပြည်ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စက်တင်ဘာလ ၄ ရက်နေ့မှစ၍ စစ်ကြောင်းများခွဲကာ စစ်အင်အား ၁,၀၀၀ ကျော်ဖြင့် ‘၄၉၂၆ စစ်ဆင်ရေး’ (ရန်နိုင်အောင်စစ်ဆင်ရေး) ကို စတင် ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း တိုက်ပွဲများအတွင်း အရှုံးများနှင့် ရင်ဆိုင်နေရပြီး စစ်ကြောင်းပါ တပ်သားများမှာ တိုက်ပွဲဧရိယာ အတွင်း အကျအဆုံး များပြားလျက်ရှိသည်။

ထိုကဲ့သို့ ထိုးစစ်များ စစ်ရေးအရ အဆင်မပြေဖြစ်နေ၍ စစ်အုပ်စုတပ်သည် အရပ်သား ပြည်သူများနေထိုင်ရာ ကျေးရွာများသို့ လေကြောင်းဗုံးကြဲမှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကို ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာနှင့် မင်းချောင်း တံတား အနီးဝန်းကျင်သို့ စစ်တိုက်လေယာဉ်များဖြင့် တစ်နေ့လုံးနီးပါး လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

ဒေသခံ စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက စစ်တွေနဲ့ ပုဏ္ဏားကျွန်း အစပ်က ရွာတွေကိုစစ်တပ် က လေယာဉ်တွေရော၊ ဒရုန်းတွေပါ သုံးပြီး အုပ်စုလိုက် ဗုံးကြဲနေတာ။ တိုက်ပွဲက ၂ ပတ်ကျော် ပြင်းထန်လာ တာပါ ဟု ပြောသည်။

လက်ရှိတွင် စစ်တွေ-ပုဏ္ဏားကျွန်း အစပ်၌ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကွမ်းတောင်၊ စပါးထား၊ ဖက်ကျနှင့် ဒီပါရုံ အပါအဝင် ကျေးရွာ ၂၀ ကျော်မှ ဒေသခံများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

ထို့ပြင် စစ်အုပ်စုတပ်သည် ကျောက်ဖြူ၊ စစ်တွေ၊ သံတွဲနှင့် ဂွမြို့နယ်တို့ရှိ AA ထိန်းချုပ်နယ်မြေများကို ပြန်လည် ရယူရန် ထိုးစစ်ဆင်နေသည့်အပြင် ရခိုင်ရိုးမအရှေ့ဘက်ခြမ်းရှိ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်း ဒေသကြီးများနှင့် ချင်းပြည်၊ မင်းတပ်မြို့နယ်တို့မှတစ်ဆင့် ရခိုင်ဘက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရန်လည်း ကြိုးပမ်းလျက် ရှိသည်။

ဓါတ်ပုံ – (စစ်တွေ-ပုဏ္ဏားကျွန်းအစပ် တိုက်ပွဲအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်း များ။ / AA Info Desk)