ဗုံးကြဲခံရပြီးနောက် စစ်တွေမြို့လယ်၌ ဈေးများပိတ်ကာ မြို့ခံများ စိုးရိမ်ထိတ်လန့်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်။

စစ်အုပ်စုတပ်၏ လက်ကျန်ထိန်းချုပ်နယ်မြေ တစ်ခုဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့လယ်ခေါင် လူစည်ကားရာနေရာများ အောက်တိုဘာလ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် မြို့မဈေးကြီး အပါအဝင် ဈေးဆိုင်ခန်းများအားလုံး ပိတ်သိမ်းလိုက်ရပြီး တစ်မြို့လုံး စိုးရိမ်ထိတ်လန့်နေကြသည်။

ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင် စစ်အုပ်စုတပ်၏ Y-12 လေယာဉ်နှင့် ဒရုန်းများသည် စစ်တွေမြို့ပေါ်၌ အဆက် မပြတ် ပျံဝဲကာ မောလိပ်ရပ်ကွက်ရှိ ရွှေငါးလမ်းဆုံ လက်ဖက်ရည်ဆိုင်၊ ကသစ်တောရပ်ကွက်နှင့် ကျားရုပ်ဘုန်း တော်ကြီးကျောင်း အပါအဝင် မြို့လယ်ခေါင် ၃ နေရာသို့ ဗုံးကြဲချခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် နေရာတွင်ပင် အရပ်သား ၅ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ ၃၇ ဦးအနက် ဆေးရုံအရောက်တွင် ထပ်မံသေဆုံးသူများရှိသဖြင့် လက်ရှိအချိန်အထိ သေဆုံးသူ ၉ ဦးထက်မနည်း ရှိလာနေပြီ ဖြစ်သည်။

စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက “မနက်က လေယာဉ်သံတွေ၊ ပေါက်ကွဲသံတွေ ကြားတော့ လက်နက်ကြီး ကျ တယ်ပဲထင်တာ။ နောက်မှ လူတွေ တရုန်းရုန်းနဲ့ ဈေးကနေ အိမ်ကို ပြန်ပြေးလာကြတော့မှ မြို့ထဲကို လေယာဉ် နဲ့ ကြဲတာလို့ သိရတာ။ အခုဆို မြို့မဈေးကြီးတွေရော လမ်းမကြီးပေါ်က ဆိုင်တွေပါ အကုန်ပိတ်လိုက်ကြပြီ။ ဘယ်သူမှလည်း အပြင်မထွက်ရဲကြတော့ဘူး” ဟု ပြောသည်။

ထို့ပြင် ဗုံးကြဲခံရသည့် ရွှေငါးလမ်းဆုံနှင့် မောလိပ်ရပ်ကွက်အနီးရှိ ဒေသခံအများအပြားမှာလည်း ထပ်မံ တိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာ နီးစပ်ရာ ရပ်ကွက်များသို့ ချက်ချင်း တိမ်းရှောင်နေကြရသည်။

အခြားမြို့ခံ အမျိုးသားတစ်ဦးကလည်း “အရင်ကတော့ မြို့ထဲကို လေယာဉ်နဲ့ မကြဲလောက်ဘူးလို့ ထင်ထား ကြတာ။ အခုလို မြို့လယ်ခေါင်ကို ပထမဆုံးအကြိမ် ဗုံးကြဲလိုက်တော့ လူတွေအကုန် ထိတ်လန့်သွားကြတာ ပေါ့။ မြို့ထဲမှာ အခြေအနေတွေက တော်တော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်” ဟု ပြောသည်။

တစ်ဆက်တည်းမှာပင် စစ်တွေမြို့၏ အဓိက တပ်စခန်းတစ်ခုဖြစ်သည့် ရွှေမင်းဂံရေတပ်စခန်းကလည်း မြို့အနီး ဝန်းကျင်သို့ လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်လျက်ရှိသည်။

လက်ရှိတွင် အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နှင့် ၄ မိုင်ခန့်အကွာရှိ ပါဒလိတ်၊ တောကန်၊ ကျားမသောက်နှင့် ရွှေမင်းဂံရေတပ် အနီးဝန်းကျင်များအထိ နီးကပ်လာနေသည်။

ထို့ပြင် ပေါက်တော (ဝီရဌာနီ) မြို့နယ်ရှိ ငပြီကျွန်းသို့ စစ်အုပ်စုတပ်က ကမ်းတက်ထိုးစစ်ဆင်ရန် ကြိုးပမ်းနေခြင်း ကြောင့် နှစ်ဖက် တိုက်ပွဲများလည်း ပြင်းထန်လျက်ရှိသည်။

စစ်တွေမြို့သည် ရခိုင်ပြည်မြောက်ပိုင်းတွင် စစ်အုပ်စုတပ်၏ နောက်ဆုံး လက်ကျန် ခံတပ်မြို့ဖြစ်ပြီး တိုက်ပွဲများ မြို့နှင့် နီးကပ်လာသည်နှင့်အမျှ စစ်အုပ်စုတပ်က အရပ်သားပြည်သူများနေထိုင်ရာ မြို့တွင်းနေရာများကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာနေသဖြင့် မြို့ခံများအတွက် လုံခြုံရေး အန္တရာယ် ပိုမိုကြီးမားလာနေသည်။

ဓာတ်ပုံ – စစ်တွေမြို့တွင်းတစ်နေရာ / wiki