တရုတ်ခဲသတ္တုတွင်းကြောင့် တာချီလိတ် ဒေသခံများ အဆိပ်သင့် အန္တရာယ်ကြုံနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်။
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ တရုတ်နောက်ခံပြု စိန်နော်ခဲသတ္တုတွင်းမှ အသက် အန္တရာယ် ရှိသည့် ဓာတုအဆိပ်ရေများကို ချောင်းအတွင်းသို့ စည်းကမ်းမဲ့ စွန့်ထုတ်နေသဖြင့် နမ့်ဟုတ်မြစ်နှင့် နမ့်တွန် ချောင်းကို အမှီပြုနေရသည့် ဒေသခံ ထောင်ပေါင်းများစွာ ကျန်းမာရေးနှင့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဆိုးကျိုး များကို ခံစားနေကြရသည်။
မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ အဆိုပါ ခဲသတ္တုတွင်းသည် ၂၀၂၁ ခုနှစ်တွင် စစ်အုပ်စု၏ ခွင့်ပြုချက်ဖြင့် စတင် တူးဖော်ခဲ့ခြင်းဖြစ်သည်။
သတ္တုတွင်းမှ စွန့်ပစ်လိုက်သည့် အဆိပ်ရေများသည် မိုးရာသီကာလတွင် အကန့်အသတ်မရှိ ချောင်းအတွင်းသို့ တိုက်ရိုက် စီးဝင်နေသဖြင့် အခါ၊ လားဟူနှင့် ရှမ်းတိုင်းရင်းသား ဒေသခံများမှာ အရေပြားရောဂါများ ကြုံတွေ့ နေရသည့်အပြင် ကိုယ်ဝန်ပျက်ကျခြင်းနှင့် မွေးမြူရေးတိရစ္ဆာန်များ သေဆုံးခြင်းများကိုပါ ဆိုးရွားစွာ ကြုံတွေ့ နေကြရသည်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က “လောလောဆယ်ကတော့ ကြုံနေပြီ ပေါ့နော် ကြုံလာနိုင်တာ မဟုတ်ဘူးရှင့်။ ကြုံနေပြီရှင့် လက်ရှိမှာ အရေပြားယားယံတဲ့ဟာတွေ၊ ကိုယ်ဝန်ပျက် ကျတဲ့ဟာတွေ ကျွဲ နွားသေတာတွေ ဒီလယ်ယာမြေတွေ စိုက်ပျိုးလို့မရတာ ဒါတွေဖြစ်နေပြီရှင့်” ဟု အတည်ပြု ပြောသည်။
ထို့ပြင် သတ္တုတွင်းနယ်မြေအတွင်း စည်းကမ်းမဲ့ အဆိပ်ရေစွန့်ထုတ်မှုများ ပိတ်သိမ်းရန်ထက် သဘာဝပတ်ဝန်း ကျင်နှင့် ပြည်သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် အဆိုပါ သတ္တုတူးဖော်ရေး လုပ်ငန်းတစ်ခုလုံးကို လုံးဝ ရပ်ဆိုင်းပစ်ရန် SHRF က တောင်းဆိုထားသည်။
အဆိုပါ တောင်းဆိုချက်နှင့် ပတ်သက်၍ SHRF ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က “ပစ်စလက်ခတ် စွန့်တာ ဖြစ်ဖြစ် ကျမတို့ကတော့ ကုမ္ပဏီကို အဆိပ်စွန့်တာ ရပ်ဖို့ထက် ကျမတို့ကတော့ ကုမ္ပဏီမှာ ဒီလိုသတ္တုတွင်းနေ တာတွေ ရပ်ဖို့ ကျမတို့ ပိုပြီးတောင်းဆိုချင်ပါတယ်ရှင့်” ဟု ပြတ်ပြတ်သားသား တောင်းဆိုသည်။
အဆိုပါ ခဲသတ္တုတွင်းကို တာချီလိတ်မြို့တွင် ရုံးချုပ်စိုက်ထားသည့် ‘စိန်နော် သတ္တုတူးဖော်ရေး ကုမ္ပဏီ’ က သီးသန့် တူးဖော်နေခြင်းဖြစ်သည်။
ယခင်က ဒါရိုက်တာအဖွဲ့တွင် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ အရာရှိတစ်ဦး ပါဝင်ခဲ့ဖူး ပြီး လက်ရှိတွင် ပြည်တွင်းကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားသော်လည်း အမှန်တကယ် စီမံခန့်ခွဲသူနှင့် နည်းပညာ ဝန်ထမ်းများမှာ တရုတ်အမျိုးသားများဖြစ်ကာ ပိုင်ရှင်အစစ်အမှန်မှာ တရုတ်နိုင်ငံမှဖြစ်ကြောင်း SHRF က ဆိုသည်။
ယိင်းလျန်းဟန် “လောလောဆယ်ကတော့ အဓိကကတော့ ကျမတို့ သိတာကတော့ ဒါကထုတ်နေတဲ့ ကုမ္ပဏီက တော့ စိန်နော် ကုမ္ပဏီပေါ့နော်။ ဟို အုပ်ချုပ်ရေးပိုင်းကတော့ စစ်ကောင်စီလည်း ပါတယ်။ တရုတ်တွေ အဓိက ကတော့ တရုတ်တွေပေါ့နော် တရုတ်တွေပါတယ်ပေါ့နော်။ လက်နက်ကိုင် အဖွဲ့အစည်းကတော့ ပါဝင်ပတ်သက် တယ် မပတ်သက်ဘူးဆိုတာကတော့ ကျမတို့ အတိအကျပြောလို့ရမဘူး။ ဒါပေမယ့် အရင်တုန်းက ဒီကုမ္မဏီရဲ့ ဒါရိုက်တာထဲမှာ လက်နက်ကိုင် အဖွဲ့အစည်း UWSA က သူတွေ ပါဝင်နေတာကတော့ ကျမတို့ သိရတယ်ရှင့်” ဟု ပြောသည်။
သတ္တုတွင်းနယ်မြေအတွင်း ၃ မိုင်မှ ၄ မိုင်ခန့်အထိ ရှည်လျားသည့် မြေအောက်ဥမင်များ တူးဖော်ကာ မြန်မာ လုပ်သား ၁၀၀ ခန့်ကို ၈ နာရီတစ်လှည့်စီဖြင့် နေ့ရောညပါ ခိုင်းစေနေပြီး လုံခြုံရေးအတွက် UWSA တပ်ဖွဲ့ဝင် များက စောင့်ကြပ်လျက် ပြင်ပလူများ ဝင်ရောက်ခွင့်ကို တင်းကျပ်စွာ တားမြစ်ထားသည်။
ထို့ပြင် အဆိုပါ ခဲသတ္တုတွင်းမှ တူးဖော်ရရှိသည့် ခဲရိုင်းများကို စစ်အုပ်စု ထိန်းချုပ်ရာ တာချီလိတ်မြို့နယ် အေဒင်ကျေးရွာရှိ UWSA ပိုင် သတ္တုဂိုဒေါင်သို့ ကုန်ကားကြီးများဖြင့် သယ်ဆောင်ပြီးနောက် ထိုင်းနိုင်ငံ မယ်ဆိုင် နယ်စပ်ဂိတ်-၂ မှတစ်ဆင့် ထိုင်း၊ တရုတ်၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံများသို့ ဆက်တိုက် တင်ပို့လျက်ရှိသည်။
ထိုင်းနိုင်ငံ အကောက်ခွန် မှတ်တမ်းများအရ မိုင်းကိုးနယ်မြေမှ ခဲရိုင်းများကို ၂၀၂၃ ခုနှစ် ဇွန်လတွင် စတင်တင် သွင်းခဲ့ပြီး ၂၀၂၅ ခုနှစ် အရောက်တွင် တင်ပို့သည့် ပမာဏမှာ ၅ ဆခန့်အထိ သိသိသာသာ တိုးတက်လာခဲ့သည်။
စစ်အုပ်စု၊ တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ၏ စီးပွားရေး အပေးအယူများ ကြောင့် ရှမ်းပြည်အရှေ့ပိုင်းမှ အပြစ်မဲ့ တိုင်းရင်းသား ပြည်သူများ၏ အသက်အန္တရာယ်နှင့် သဘာဝပတ်ဝန်း ကျင်မှာ ဆိုးရွားစွာ ခြိမ်းခြောက်ခံနေရသည်။
ဓာတ်ပုံ – SHRF