ဖားကန့်၌ တိုက်ပွဲမရှိဘဲ စစ်တပ်က လက်နက်ကြီး ရမ်းသမ်းပစ်၍ အရပ်သားများ ထိခိုက်ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်။

ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားခြင်း မရှိဘဲ စစ်အုပ်စုတပ်က လက်နက်ကြီး နှင့် သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် လုံးခင်းကျေးရွာအတွင်း လက်နက်ကြီးနှင့် ဒရုန်းများ ကျရောက် ပေါက်ကွဲကာ အရပ်သား ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။

လုံးခင်းဒေသ ရပ်ကွက် (၂) အတွင်းသို့ အောက်တိုဘာလ ၂၁ ရက်နေ့က စစ်အုပ်စုတပ်စွဲထားသည့် စစ်တပ်ကုန်း ဘက်မှ ပစ်ခတ်လိုက်သော လက် နက်ကြီး ကျရောက်ပေါက်ကွဲခဲ့၍ ဒေသခံ အရပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၂ ဦးမှာ ဒဏ်ရာပြင်း ထန်သည်။

ထို့ပြင် အောက်တိုဘာလ ၂၁ ရက် နံနက်အစောပိုင်းကလည်း လုံးခင်း မိုးမလင်းဈေးသို့ သွားသည့် ဈေးသည် အမျိုးသမီးတစ်ဦးကို စစ်အုပ်စုတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ခါးတွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။

စစ်အုပ်စုတပ်၏ ရမ်းသမ်းပစ်ခတ်မှုများနှင့် ပတ်သက်၍ လုံးခင်းဒေသခံ အမျိုးသားတစ်ဦးက “ဒီဘက်မှာ တိုက်ပွဲဖြစ်တာ မရှိပါဘူး။ ဒါပေမဲ့ စစ်တပ်ကုန်းပေါ်ကနေ နေ့ရောညပါ လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာ။ လုံးခင်းရွာထဲက အိမ်တစ်အိမ်ပေါ်လည်း ဒရုန်းကျပေါက်ကွဲသေးတယ်။ ဈေးသွားတဲ့ မိန်းမတစ်ယောက် လည်း သေနတ်နဲ့ ပစ်ခံရလို့ ခါးကျည်ထိသွားတယ်” ဟု ပြောသည်။

လက်ရှိတွင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအတွင်း စစ်အုပ်စုတပ်က လက်နက်ကြီးများနှင့် ဒရုန်းများကို ဆက် တိုက် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြရသည်။

တစ်ဖက်တွင်လည်း ကချင်ပြည်နှင့် စစ်ကိုင်းတိုင်း အစပ်ဒေသများဖြစ်သည့် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ အပါအဝင် ဗန်းမော်နှင့် မံစီမြို့နယ်ဘက်တို့တွင် စစ်အုပ်စုတပ်က ထိုးစစ်ဆင်လာနေသဖြင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

အဆိုပါ မြို့နယ်များတွင် စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲခြင်းနှင့် လက်နက်ကြီး ပစ်ခတ်ခြင်းများကို အရှိန် မြှင့် လုပ်ဆောင်လာနေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကြရန် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက သတိပေးထားသည်။

#ဖားကန့်