စစ်တွေအား AA သိမ်းမည်ဆိုသည့် ခန့်မှန်းချက်များကြောင့် NGO နှင့် INGO ဝန်ထမ်းအချို့ ပြောင်းရွှေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်။
ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် စိမ့်ဝင်တိုက်ခိုက်လျက်ရှိပြီး မြို့ကို သိမ်းပိုက်တော့မည်ဆိုသည့် ခန့်မှန်းချက်များကြောင့် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် NGO နှင့် INGO ဝန်ထမ်းအချို့ ရန်ကုန်မြို့သို့ ရွှေ့ပြောင်းလျက်ရှိကြောင်း ဒေသခံများက ပြောသည်။
စစ်တွေမြို့နယ်နှင့် ထိစပ်နေသည့် ပုဏ္ဏားကျွန်း နယ်စပ် ကာကင်းအချို့ကို စစ်အုပ်စုတပ်က ဆုံးရှုံးလာချိန်နှင့် AA ၏ ထိုးစစ်ဆင်မှုများ စစ်တွေမြို့နှင့် နီးကပ်လာချိန်တွင် ယခုကဲ့သို့ ဝန်ထမ်းများ ပြောင်းရွှေ့လာကြခြင်း ဖြစ် သည်။
စစ်တွေ ဒေသခံ အမျိုးသားတစ်ဦးက “လက်ရှိ စစ်တွေက မလုံခြုံတော့ဘူးဆိုတဲ့ သတင်းတွေ၊ မကြာခင် AA က သိမ်းတော့မယ်ဆိုတဲ့ သတင်းတွေကြောင့် NGO/INGO တွေ ထွက်ခွာနေတယ်ဆိုတာ ကြားရတယ်။ အောက်တို ဘာ ဒုတိယအပတ်မှာကတည်းက ထွက်ခွာနေကြပေမဲ့ အခုရက်ပိုင်း လူတွေပြောဆိုတာ ပိုများလာတယ်။ NGO/INGO ရုံးတွေမှာ ဝန်ထမ်းတွေ မရှိတော့ဘူးလို့ သိရတယ်။ တိုက်ပွဲကလည်း စစ်တွေမြို့ထဲအထိ ရောက် လာတော့မယ်လို့ ပြောဆိုနေကြပါတယ်” ဟု ပြောသည်။
ထို့ပြင် ယနေ့ အောက်တိုဘာလ ၂၃ ရက် နံနက်ပိုင်းတွင်လည်း စစ်အုပ်စုတပ်က စစ်တွေမြို့လယ်ခေါင် မောလိပ် ရပ်ကွက်၊ ရွှေငါးလမ်းဆုံနှင့် ကသစ်တောရပ်ကွက် အပါအဝင် လူစည်ကားရာ နေရာများကို Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၉ ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယခုကဲ့သို့ မြို့ပေါ် လူနေရပ်ကွက်များအထိ စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာခြင်းကြောင့် မြို့ခံပြည်သူများနှင့် အဖွဲ့အစည်းများအကြား စိုးရိမ်ထိတ်လန့်မှုများ ပိုမိုမြင့်တက်လာပြီး မြို့မှ စွန့်ခွာရန် ပြင်ဆင် နေကြခြင်း ဖြစ်သည်။
ယခုအခါ AA ၏ စစ်တွေမြို့ ထိုးစစ်သည် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) ကို ဦးတည်နေပြီး စစ်တွေမြို့ နယ် ကံ့ကော်ကျွန်းအနီးရှိ ဝါဘိုကျေးရွာကို AA က အပြီးသတ် ထိန်းချုပ်ထားနိုင်ခဲ့ကာ ရေချမ်းပြင်၊ ကျားမ သောက်၊ အမြင့်ကျွန်း၊ မင်းချောင်းနှင့် ပါဒလိတ် စသည့် နေရာများအပါအဝင် မြို့နယ်အနီးအပါး အနှံ့အပြား၌ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
အခြား ဒေသခံ အမျိုးသားတစ်ဦးက “AA က အမြင့်ကျွန်းနဲ့ ကျားမသောက်ဘက်ကို ပိုနီးကပ်လာနေတယ်၊ စစ်တွေမြို့နယ် မြောက်ပိုင်းနဲ့ ငပြီကျွန်းမှာလည်း တိုက်ခိုက်နေတယ်။ စစ်တွေနဲ့ ရေတပ် အဆက်အသွယ် ဖြတ် တောက်မှာကို စစ်တပ်က စိုးရိမ်နေတာကြောင့် ဆတ်ရိုးကျမှာ အင်အားတိုးချဲ့ ချထားတယ်။ ရဲတွေတောင် စစ်တွေက ပြေးနေကြတယ်။ INGO/NGO တွေ၏ ၈၀ ရာခိုင်နှုန်းလောက် စစ်တွေမှာ မရှိတော့ဘူး” ဟု ပြော သည်။
စစ်တွေမြို့၌ အခြေစိုက်ထားသည့် INGO နှင့် NGO ဝန်ထမ်းအချို့သည် ရန်ကုန်မြို့သို့ ကြိုတင် ရွှေ့ပြောင်းရာ တွင် လေယာဉ်လက်မှတ် အခက်အခဲများနှင့်ပါ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။
တစ်ဖက်တွင်လည်း စစ်တွေ၊ ပေါက်တောနှင့် ပုဏ္ဏားကျွန်း သုံးမြို့နယ် အစပ်ရှိ ငပြီကျွန်းတွင် စစ်အုပ်စုတပ်က ကြည်း၊ ရေ၊ လေ သုံးမျိုးလုံးဖြင့် အင်အားအလုံးအရင်း ထိုးစစ်ဆင်နေပြီး AA ဘက်ကလည်း တန်ပြန်တိုက်စစ် ဆင်နေသည့်အတွက် နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။
ဓာတ်ပုံ – (စစ်တွေမြို့တွင်း တစ်နေရာ – ပုံဟောင်း / Crd)