မကွေးတိုင်း မင်းတုန်း၌ တိုက်ပွဲမရှိဘဲ စစ်တပ်က ဗုံးကြဲသဖြင့် အရပ်သားတစ်ဦး သေ၊ နှစ်ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်။
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် အနောက်တောင်ဘက်ရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်အုပ်စုတပ်က စက်တပ်လေထီး (Paramotor) ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားတစ်ဦး သေဆုံး ကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။
အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် မင်းတုန်းမြို့နယ် ရွာသစ်ကျေးရွာနှင့် ငှက်ပျင်းကျေးရွာ တို့ကို စစ်အုပ်စုတပ်က စက်တပ်လေထီးများဖြင့် ဗုံး ၉ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် တောင်ယာသွားနေသည့် ကြို့ဝကျေးရွာသား အသက် ၂၅ နှစ်အရွယ် မောင်ဖိုးလမင်း သေဆုံးခဲ့ပြီး၊ အသက် ၆၂ နှစ်အရွယ် ဦးကြည်ဝင်းနှင့် အသက် ၄၇ နှစ်အရွယ် ဦးအောင်မြိုင်တို့ ဒဏ်ရာရရှိခဲ့ သည်။
အသက် ၅၀ အရွယ် တောင်သူတစ်ဦးက “မင်းတုန်းတောင်ခြမ်းဘက်ရွာတွေကို နေ့စဉ် ပါရာမော်တာ ၃ စီး ပတ် ဝဲပြီး ပျံနေတာ။ ဘာမှ အလုပ်ဖြောင့်ဖြောင့် မလုပ်ရဲဘူး။ လယ်တွေလည်း ရိတ်ရတော့မယ်၊ ပြည်သူကိုဘဲ မဲနေ တာ ခက်တယ်” ဟု ပြောသည်။
စစ်အုပ်စုတပ်၏ စက်တပ်လေထီးဖြင့် လာရောက်တိုက်ခိုက်မှုကြောင့် လယ်သမားအချို့မှာ ရိတ်သိမ်းလက်စ စပါးခင်းများကို စွန့်ပစ်ကာ ကိုယ်လွတ်ရုံး ထွက်ပြေးနေကြရသည်။
ထို့ပြင် ပုသိမ်-မုံရွာ လမ်းပေါ်ရှိ မဲဇလီကျေးရွာကိုလည်း နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နှစ်ဦး သေဆုံးခဲ့ ရသည့်အတွက် လမ်းတလျှောက်ရှိ ကျေးရွာများမှာ စိုးရိမ်ထိတ်လန့်နေကြရသည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့က ကြို့ဝကျေးရွာတွင် လာရောက်တပ်စွဲထားသည့် စစ်အုပ်စုတပ်နှင့် သရက်ခရိုင် တပ်ရင်း (၄) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှ သေဆုံးသူများကို ကျေးရွာအနီးတွင် မြှုပ်နှံခဲ့ ကြောင်း အသက် ၄၀ အရွယ် ကြို့ဝရွာသားတစ်ဦးက ပြောသည်။
ထို့ပြင် အောက်တိုဘာလ ၈ ရက်ကလည်း ချင်းနစ်ကျေးရွာကို စစ်အုပ်စုတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၈၃ နှစ်အရွယ် ဦးထွန်းတင်နှင့် အသက် ၁ နှစ်အရွယ် မောင်ဝေယံဦးတို့ သေဆုံးခဲ့ပြီး အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် နွား ၇ ကောင် သေဆုံးကာ ဆေးခန်းနှင့် နေအိမ်အများအပြား ပျက်စီးခဲ့သည့်အပြင် အောက် တိုဘာလ ၁၂ ရက်ကလည်း မဲဇလီကျေးရွာကို ယခုကဲ့သို့ တိုက်ခိုက်ခဲ့သဖြင့် အရပ်သားတစ်ဦး သေဆုံးခဲ့ရသည်။
ဓာတ်ပုံ – (အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသည့် စက်တပ်လေထီး (Paramotor) တစ်စီးကို ယခုနှစ်ဆန်းပိုင်းက တွေ့ရစဉ်။ – ပုံဟောင်း / အညာပစ်တိုင်းထောင်လေးများ)