ပဲခူးတိုင်းအနောက်ပိုင်းတွင် လူတစ်ဦးလျှင် ကျပ်တစ်သိန်းအထိ စစ်အုပ်စုက စစ်မှုထမ်းကြေး ကောက်ခံနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်း ကြေးကို တစ်ဦးလျှင် ကျပ်သိန်းဂဏန်းအထိ အတင်းအကျပ် တောင်းခံနေသဖြင့် ပြည်သူများ အခက်တွေ့နေကြ ကြောင်း ဒေသခံများက ပြောသည်။

အိမ်ထောင်စုတစ်စုလျှင် စစ်မှုထမ်း အသက်ကန့်သတ်ချက်အတွင်း ပါဝင်သူ တစ်ဦးရှိပါက ကျပ်တစ်သိန်း၊ ၃ ဦးရှိပါက ကျပ် ၃ သိန်းနှင့် စစ်မှုထမ်းအရွယ်မရှိသည့် အဘိုးအဘွား ၂ ဦးတည်း နေထိုင်သော အိမ်များကိုပင် ကျပ် ၃ သောင်းအထိ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက အတင်းအကြပ် ကောက်ခံနေခြင်း ဖြစ်သည်။

အသက် ၄၅ နှစ်အရွယ် ဒေသခံတစ်ဦးက “ဥသျှစ်ပင်နဲ့ ဥသျှစ်ပင်မြောက်ခြမ်း ကျေးရွာတွေ အဆိုးဆုံးပဲ။ တစ် ယောက်ရှိ တစ်သိန်း၊ နှစ်ယောက်ရှိ ၂ သိန်း။ လမ်းပေါ်တော့ အရင်လို ရုတ်ပျက်ဆင်းပျက် မဆွဲတော့ဘူး” ဟု ပြောသည်။

ထိုသို့ စစ်မှုထမ်းကြေး ကောက်ခံမှုကို ဥသျှစ်ပင်နှင့် ဥသျှစ်ပင်မြောက်ဘက်ခြမ်း၊ အနောက်ဘက်ခြမ်းရှိ ဘူး ဘက်၊ ရပ်သာအရှေ့ရွာ၊ ရပ်သာအနောက်ရွာ၊ တလုပ္ပင်၊ ကျွဲရဲ၊ ရေတွင်းလှ၊ တောင်ဘို့ကြီးနှင့် မြေဝါမှန်ကုန်း စသည့် ကျေးရွာများတွင် အများဆုံး ကောက်ခံနေသည့်အပြင် ပန်းတောင်းမြို့နှင့် ကပ်ရက်ရှိ ဒေါင်းမနား၊ မကျီး ထုံးနှင့် စွယ်တော်နတ်မောက် ကျေးရွာများတွင်လည်း ကောက်ခံလျက်ရှိသည်။

အသက် ၅၀ အရွယ် ရာအိမ်မှူးဟောင်းတစ်ဦးက “အရောင်းအဝယ်က ထွေအုပ်ကလုပ်တာ ရွာအုပ်ချုပ်ရေးမှူးနဲ့ မဆိုင်ဘူး။ အသားလွတ် ပေးရတာ။ စစ်မှုထမ်း ပါသွားသူကို နစ်နာကြေးပေးဖို့ဆို တော်သေးတယ်၊ အခုက ထွေအုပ် ချမ်းသာဖို့ ဖြစ်နေတာ” ဟု ရွာအလိုက် လူစားထိုး ကောက်ခံနေမှုနှင့် ပတ်သက်၍ ပြောသည်။

ကျေးရွာ သန်းခေါင်းစာရင်းများနှင့် တိုက်ဆိုင်ကာ စစ်မှုထမ်း ခေါ်ယူခြင်းဖြစ်သဖြင့် မဲပေါက်ပြီး ထွက်ပြေးသူ အချို့၏ မိသားစုများကိုလည်း လူမတွေ့ပါက မိဘကို ထောင်ဒဏ် ၁ နှစ် ချမှတ်မည်ဟု စစ်အုပ်စု၏ အုပ်ချုပ်ရေး အဖွဲ့များက ခြိမ်းခြောက်လျက်ရှိသည်။

ထို့ပြင် ကျောင်းတက်နေဆဲ ကျောင်းသားများကိုလည်း ကျောင်းနားကာ စစ်မှုထမ်းရမည်ဟု ကျေးရွာအုပ်ချုပ် ရေးမှူးများက တရားဝင် ပြောဆိုထားသည်။

၂၀၂၄ ခုနှစ်က စတင်ခဲ့သည့် ပထမဆုံး စစ်မှုထမ်းအပတ်စဉ်များသည် ၂၀၂၆ ခုနှစ် ဧပြီလတွင် ၂ နှစ်ပြည့်ခဲ့ပြီ ဖြစ် ၍ အစားထိုးရန်အတွက် လူသစ် ပိုမိုစုဆောင်းရန် စစ်အုပ်စုက ညွှန်ကြားထားကြောင်း အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

စစ်အုပ်စုသည် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲအပြီးပိုင်း ပြည်သူ့စစ်မှုထမ်းဥပဒေအရဆိုကာ လူဝင်မှုကြီးကြပ်ရေး ဌာန၏ အချက်အလက်များကို အသုံးပြု၍ စစ်မှုထမ်း အကျုံးဝင်သူများကို စာရင်းပြုစု မှတ်ပုံတင်ခိုင်းခြင်း၊ အလှည့်ကျ ဆင့်ခေါ်ခြင်းနှင့် တစ်ဦးထက်ပိုရှိသော အိမ်ထောင်စုများကို ရပ်ကွက်ရုံးများ၌ မဲနှိုက်ခိုင်းခြင်းတို့ကို ပြုလုပ်နေသည်။ ထို့ပြင် ကိုယ်တိုင် မသွားလိုသူများကို လူစားထိုး လဲလှယ်ရန်အတွက် ရပ်ကွက်၊ ကျေးရွာ အလိုက် စစ်မှုထမ်းကြေးများ ကောက်ခံနေခြင်း ဖြစ်သည်။

ဓာတ်ပုံ – (စစ်မှုထမ်းအဖြစ် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / ပြည်သူ့စစ်မှုထမ်းများ စုစည်းရာ – တယ်လီ ဂရမ်)