ထောင်မှ လွတ်လာသော နိုင်ကျဉ်းများအား ပြန်လည် ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။
ပဲခူးတိုင်း၊ သာယာဝတီ အကျဉ်းထောင်မှ လွတ်ရက်စေ့ပြီး ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်း သား ၅ ဦးကို စစ်တပ်မှ ပြန်လည်ဖမ်းဆီးခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ပြောသည်။
သာယာဝတီ အကျဉ်းထောင်မှ အောက်တိုဘာလ ၁ ရက်နေ့တွင် လွတ်ရက်စေ့သဖြင့် အကျဉ်းသား အယောက် ၃၀ ပြန်လည် လွတ်မြောက်လာခဲ့ရာ နိုင်ငံရေးအကျဉ်းသား ၁၆ ဦး ပါဝင်သည်ဟု ဆိုသည်။
ထိုသို့ ပြန်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၁၆ ဦးအနက် နိုင်ငံရေးအကျဉ်းသား ၆ ဦးကို ထောင်ဗူးဝ ၌ပင် စစ်ကော်မရှင် လက်အောက်ခံ ပြည်ထဲရေးဌာနမှ ရဲကားဖြင့် သာယာဝတီရဲစခန်းသို့ ပြန်လည် ဖမ်းဆီးသွား ခဲ့ခြင်း ဖြစ်သည်။
ပြန်လည် ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၆ ဦးအနက် နိုင်ငံရေးအကျဉ်းသား ၁ ဦးသာ လွတ်မြောက် ခဲ့ပြီး ကျန်နိုင်ငံရေး အကျဉ်းသား ၅ ဦးမှာ နောက်အမှုများတပ်ကာ ဆက်လက်ဖမ်းဆီးထားသည်ဟု PPNM က အောက်တိုဘာလ ၂ ရက် နေ့တွင် ထုတ်ပြန်ထားသည်။
PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ဒါဟာ လုံးဝ မလုပ်သင့်တဲ့ ကိစ္စ ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ထောင်ထဲမှာ ကာလတစ်ခုထိ ကြာအောင် နေခဲ့ပြီးသွားတော့မှ အခုလိုပြန်ဖမ်းခံရတာဟာ အရှေ့မှာလည်း ဟံသာဝတီ ဦးဝင်းတင်တို့ လက်ထက်ကတည်းက ရှိခဲ့ပေမဲ့ဒီနွေဦးတော်လှန်ရေးမှာ လူတော် တော် များများကို အလားတူ ပုံစံမျိုး လုပ်လာတာကတော့ ကျနော်တို့အနေနဲ့ ကတော့ ဒီကိစ္စဟာ လုံးဝ မဖြစ် သင့်တဲ့ ကိစ္စလို့ ပြောချင်ပါတယ်” ဟု ပြောသည်။
သာယာဝတီ အကျဉ်းထောင်တွင် နောက်အမှုများဖြင့် ပြန်လည် ဖမ်းဆီးခံထားရသည့် နိုင်ကျဥ်း ၅ ဦးအနက် ၄ ဦး ၏ အမည်စာရင်းကို အတည်ပြုထားပြီး ဖြစ်ရာ ၎င်းတို့မှာ ကိုစိုင်းအောင်ငင်း၊ ကိုဂျယ်ရီကောင်းထိုက်၊ မမေမြတ် သူနှင့် ကိုတင်စိုး (ခ) နတ်ဆိုးတို့ ဖြစ်ကြသည်။
၎င်းတို့မှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅၊ မတရား အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇-၁ တို့ဖြင့် ထောင်ဒဏ်ကျခံခဲ့ရသူများ ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ဦးဆောင်တာဝန်ခံ မဇူးဇူးမေယွန်းက “လွတ်ရက်စေ့လို့ ပြန်ပြီးတော့ ဖမ်းတယ်ဆိုတဲ့ ဟာကလည်း အဓိကကတော့ ထပ်ပြီးတော့ဒါ နိုင်ငံရေး အကျဉ်းသူတွေ နိုင်ငံရေး အကျဉ်းသား တွေကို မတရားနည်းနဲ့ နည်းအမျိုးမျိုးနဲ့ ပြန်လည်ပြီးတော့ ယုတ်မာပြီးတော့ နောက်အမူကပ်တာမျိုးတွေ အကြောင်းမရှိပဲ ဒါပုဒ်မမျိုးတွေတပ် ပြန်လည်ဖမ်းဆီး ထည့်တယ်လို့တော့မြင်မိတယ်” ဟု ပြောသည်။
နိုင်ငံရေး အကျဉ်းသားများကို မဟုတ်မမှန်သည့် စွပ်စွဲမှုများဖြင့် အကြမ်းဖက် ပုဒ်မများတပ်ကာ ပြန်လည် ဖမ်းဆီးခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်သည့် အတွက် PPNM အနေဖြင့် အပြင်းအထန် ကန့် ကွက် ရှုတ်ချသည်ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
“ထောင်ဗူးဝကနေ ပြန်ဖမ်းခံရတာကတော့ နိုင်ကျဉ်းတွေပဲ ဖြစ်တယ်။ လက်ရှိကာလမှာ တရားရေး ဆိုတဲ့ ဟာကလည်း စစ်ကောင်စီရဲ့ လက်အောက်ထဲ စစ်တပ်ရဲ့ လက်အောက်မှာ ဖြစ်နေတယ်။ ရဲဆိုတာလည်း စစ်တပ် ရဲ့ အောက်မှာပဲ ဖြစ်နေတဲ့အခါမှာ လက်ရှိမှာ တရားမျှတမှု ရရှိဖို့နဲ့ လူ့အခွင့်အရေး ပြည့်ပြည့်ဝဝ ရရှိဖို့ ပေါ့နော် လွတ်လပ်စွာ သွားလာခွင့်တွေ လှုပ်ရှားနေထိုင်ခွင့်တွေ ရဖို့ဆိုတာ လက်ရှိအခြေအနေမှာ ဘာမှမရရှိတဲ့ အခြေ အနေ ဖြစ်ပါတယ်။”
လွတ်ရက်စေ့ဖြင့် ပြန်လည် လွတ်မြောက်လာသည့် နိုင်အကျဉ်းများကို စစ်ကော်မရှင်မှ ပြန်လည် ဖမ်းဆီးနေမှု များနှင့် နိုင်ကျဉ်းများ အပေါ် လူအခွင့်အရေး ချိုးဖောက်မှုများ ပေါ်ပေါ်တင်တင် ပြုလုပ်နေမှုများကို လူအခွင့် အရေး ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် စောင့်ကြည့်မှုများပြုလုပ်ကြရန် PPNM က တိုက်တွန်းထားသည်။
မဇူးဇူးမေယွန်း က “ကျမတို့ WOPP အဖွဲ့ကတော့ နိုင်ငံရေး အကျဉ်းသားတွေ ဘက်မှာ အဆုံးထိ ရပ်တည်သွား မှာ ဖြစ်တယ်။ ထောင်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံရေး အကျဉ်းသားတွေ ကိုယ်စား ရတဲ့ နည်း အမျိုးအမျိုးနဲ့ အခက်အခဲကြားကပဲ ရတဲ့နည်းနဲ့ အသံတွေ ထုတ်ပေး သွားမှာ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေနဲ့ပဲ တစ်သားတည်း ရပ်တည်သွားမယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။
စစ်အာဏာသိမ်း ကာလအတွင်း မြန်မာနိုင်ငံ တစ်ဝန်းက အကျဉ်းထောင် အသီးသီးရှိ လွတ်ရက်စေ့ နိုင်ကျဉ်းများ ကို ထောင်ဗူးဝမှ ပုဒ်မအမျိုးမျိုးတပ်ကာ ပြန်လည် ဖမ်းဆီးမှုများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် လျှက်ရှိရာ ပြန်လည်ဖမ်းဆီးခံသူ ၇၄ ဦး ရှိပြီးဖြစ်ကြောင်း PPNM မှ မှတ်တမ်းတင်ထားသည်။
ဓာတ်ပုံ – (ပုံဟောင်း) နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)