ကရင် ဒေသအတွင်း အရပ်သားများအပေါ် ဗုံးကြဲချသဖြင့် လူ ၄၀ ကျော် သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်။
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် အတွင်း စစ်ကော်မရှင်က ရွာသားများကို ဖမ်းဆီးပြီး လူသားဒိုင်းပြုလုပ်ကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၄၀ ကျော် သေဆုံးခဲ့သည်။
ညောင်လေးပင်ခရိုင် (ခလယ်လွီထူ)၊ ကျောက်ကြီး (လယ်ဒို) မြို့နယ် အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာ သော စစ်ကော်မရှင်တပ်က အရပ်သားပြည်သူ ၁၆၀ ခန့်ကို အစုလိုက် အပြုံလိုက် ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU)က မတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။
ထို့ပြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကလေးငယ်များ အပါအဝင် အပြစ်မဲ့ပြည်သူ ၄၀ ကျော် သေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့မှစတင်ကာ စစ်ကော်မရှင်၏ ခမရ-၂၀၊ ခလရ-၂၆၄ နှင့် ခမရ-၄၃၉ ပူးပေါင်း စစ်ကြောင်းသည် ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ပြီး ရွာသားများ အကြောင်းမဲ့ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထို့နောက် မတ်လ ၇ ရက်နေ့တွင် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တိုက်ပွဲ များ ဖြစ်ပွားခဲ့ရာ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနှင့် ဒရုန်းများကိုအသုံးပြုကာ ၎င်းတို့ကိုယ်တိုင် ရွာသားများ ကို ဖမ်းဆီးချုပ်နှောင်ထားသည့် နေရာများသို့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူက “အဲနားတစ်ဝိုက်မှာ အဲဒီကျေးရွာတွေကို တပ်က ဝင်စီးပြီးတော့ ရွာသားတွေကို ဖမ်းတယ်။ ဖမ်းပြီးတော့မှ လေယာဉ်ဗုံးကြဲတယ်။ အဲဒီမှာ ရွာသားပြည်သူတွေ တော်တော်သေတယ်။ ဒီကျောက်ကြီးမြို့နယ်ထဲက စစ်တောင်းမြစ်အနောက်ဖက် အဲဒီရေတွင်းကျေးရွာ ကျောင်းကုန်းကျေးရွာ အဲဒီနားတစ်ဝိုက် စသဖြင့် အဲဒီနားတကြောကရွာတွေ စစ်ကောင်စီ ဖက်က ရွာသားတွေကို ထိုးစစ်ဆင်ပြီးတော့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်တယ်။ ဖြစ်တဲ့အခါကတော့ သူတို့ အဲဒီရွာ ကို ဝင်စီးလို့ ရတဲ့အခါ ရွာသားတွေကို သူတို့ ဖမ်းဆီးထားတယ်။ ပြီးတော့မှ သူတို့ သတ်တဲ့လူသတ်တယ်ပေါ့ နော်။ အဲဒီထဲမှာတော့ အရပ်သားပစ်ခတ်မှုတွေမှာ ပြည်သူ ခန့်မှန်း ၄၀ ကျော်သေတယ်နော်” ဟု ပြောသည်။
KNU ၏ ထုတ်ပြန်ချက်အရ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖမ်းဆီးခံထားရသူများအနက် ၂၅ ဦးခန့် သေဆုံး ခဲ့ရပြီး အခြား ၅ ဦးမှာမူ စစ်ကော်မရှင်တပ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဟု ဆိုသည်။
ကျန်ရှိနေသည့် သေဆုံးစာရင်းများကိုမူ ဆက်လက်စိစစ်နေဆဲ ဖြစ်သည်။ မတ်လ ၇ ရက်နေ့၊ ညပိုင်းတွင် KNLA ဘက်မှ သွားရောက်တိုက်ခိုက်ခဲ့သဖြင့် ဖမ်းဆီးခံထားရသူများအနက်မှ ၂၀ ကျော်၊ ၃၀ ခန့်မှာ ထွက်ပြေး လွတ် မြောက်လာနိုင်ခဲ့သည်။
ကူညီကယ်ဆယ်ရေးကော်မတီ တာဝန်ရှိသူက “ရွာသားတစ်ဝက်လုံးနီးပါးပဲပေါ့နော်။ အဲဒီထဲမှာတော့ တစ်ရွာ လုံးကို ဖမ်းထားတာ။ ဟိုးမနက်ပိုင်းမှာ ဖမ်းထားပြီးတော့ ညနေပိုင်းမှာတော့ တစ်ချို့ ကလေးတွေကိုတော့ ပြန် လွတ်ပေးတယ်။ သူတို့ ခေါ်ချင်ထားတဲ့ ခေါ်ထားတဲ့လူတွေလည်း ရှိနေသေးတယ်ပေါ့နော်။ လူဦးရေ ၃၀၀ ဝန်း ကျင် ခန့်မှန်းခြေ တချို့က ထွက်ပြေးလွတ်မြောက်တယ်။ တချို့ကတော့ ပြန်လွတ်ပေးတယ်။ ကလေးမအေ တွေ နည်းနည်း အသုံးမတည့်တဲ့သူတွေပေါ့ ပြန်လွတ်ပေးတယ်။ သေရတဲ့ အဓိက အကြောင်းအရင်းကတော့ ဘာပဲ ဖြစ်ဖြစ်လေ ပြည်သူတွေကို သတ်တာပဲ” ဟု ဆက်ပြောသည်။
စစ်ကော်မရှင်သည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် လုပ်ရပ် များကို မြန်မာနိုင်ငံအနှံ့ ကျူးလွန်လျက်ရှိပြီး၊ အထူးသဖြင့် အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း
ကာလများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ ပိုမိုဆိုးရွားပြင်းထန်လာကြောင်း KNU က ထောက်ပြထား သည်။
လက်ရှိတွင် ရေတွင်းကုန်းနှင့် ကျောင်းကုန်းကျေးရွာတစ်ဝိုက်၌ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ ဒေသခံပြည်သူ အများအပြားမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့်အပြင် အချို့မှာလည်း ပိတ်မိနေဆဲဖြစ်သည်။