ညောင်လေးပင် ခရိုင်တွင် လူသားဒိုင်းအဖြစ် ဖမ်းခံထားသူ အားလုံး ကယ်ထုတ်နိုင်ခဲ့ပြီ၊ ကယ်တင်ရေး စစ်ဆင်ရေးအတွင်း တော်လှန်ရေး ရဲဘော် ၁၁ ဦး ကျဆုံး။
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်။
ပဲခူးတိုင်း၊ ညောင်လေးပင်တွင် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည့် ပြည်သူ ၃၀၀ ကျော်ကို PDF နှင့် KNLA ပူးပေါင်းအဖွဲ့ ကယ်ထုတ်နိုင်ပြီဟု အမျိုးသားညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန နှင့် ပဲခူးတိုင်း စစ်ဌာနချုပ်က ထုတ်ပြန်သည်။
အဆိုပါ ကယ်ဆယ်ရေးစစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော် ၁၁ ဦး ကျဆုံးခဲ့ပြီး စစ်ကော်မရှင်ဘက်မှလည်း ၁၀ ဦးထက်မနည်း သေဆုံးကာ၊ အယောက် ၂၀ ကျော် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်ဟု NUG က ထုတ်ပြန်ထားသည်။
ညောင်လေးပင်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် စစ်ကော်မရှင်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသည့် ဓားစာခံပြည်သူ ၃၀၀ ကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ကရင်အမျိုးသား လွတ်မြောက် ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ရွာသားများ ဖမ်းဆီးခံခဲ့ရသည့် အခြေအနေနှင့် ပတ်သက်၍ ကျောက်ကြီးမြို့နယ်၊ ကရင်အရေးပေါ် ကူညီ ကယ်ဆယ်ရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ယခုကဲ့သို့ ရှင်းပြသည်။
“အဲ့နားတစ်ဝိုက်မှာ အဲဒီကျေးရွာတွေကို တပ်က ဝင်စီးပြီးတော့ ရွာသားတွေကို ဖမ်းတယ်။ စစ်တောင်းမြစ် အနောက်ဖက် အဲဒီရေတွင်းကျေးရွာ ကျောင်းကုန်းကျေးရွာ အဲဒီနားတစ် ဝိုက်စသဖြင့် အဲဒီနားတစ်ကြောကရွာ တွေ စစ်ကောင်စီ ဖက်က ရွာသားတွေကို ထိုးစစ်ဆင်ပြီးတော့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်တယ်။ ဖြစ်တဲ့အခါကျ တော့ သူတို့ အဲဒီရွာကို ဝင်စီးလို့ ရတဲ့အခါ ရွာသားတွေကို သူတို့ ဖမ်းဆီးထားတယ်။ လူဦးရေ ၃၀၀ ဝန်းကျင် ခန့်မှန်းခြေပေါ့နော်” ဟု ပြောသည်။
ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့မှ စတင်ကာ စစ်ကော်မရှင်၏ တပ်မ (၇၇) ဦးဆောင်သော အင်အား (၄၀၀) ခန့်ရှိ စစ်ကြောင်း ၄ ကြောင်းသည် လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းပစ်ကူများအသုံးပြု၍ ညောင်လေးပင်မြို့နယ် ရှိ ရေတွင်းကုန်း၊ ခရုကုန်းနှင့် ကျောင်းကုန်းကျေးရွာများသို့ ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။
ထိုသို့စီးနင်းစဉ်အတွင်း စစ်ကော်မရှင်တပ်သည် ရွာသား ၃၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သည့်အပြင် ကလေးငယ် ၃ ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၄၀ ကျော်ကို ရက်စက်စွာ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများဖြင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်။
ယမန်နေ့က အနည်းငယ် လွတ်မြောက်ခဲ့သော်လည်း ကျန်ရှိနေဆဲ ဖြစ်သည်ဟု ကရင်အရေးပေါ် ကူညီ ကယ်ဆယ်ရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ က ပြောသည်။
“တချို့က ပိတ်မိနေ ဆဲပဲ ပြီးခဲ့တဲ့ မနေ့က ၇ ရက်နေ့ ညကတော့ အသစ်တဖန်ပြန်ပြီးတော့မှ ပစ်ခတ်တိုက်ခိုက်မှု ပြန်စတဲ့နေရာမှာ ဒီဖက် KNU ဖက်က သွားပြီးတော့ ပစ်ခတ်မှု လုပ်ပေးတဲ့အခါ ပြည်သူတွေက ၂၀ ကျော် ၃၀ ကျော် ပြန်လွတ် မြောက်လာတယ်” ဟု ပြောသည်။
မတ်လ ၇ ရက်နေ့တွင် ရွာသားအချို့မှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး မတ်လ ၈ ရက်နေ့တွင်မူ ပဲခူးခရိုင် တပ်ရင်း (၂) နှင့် မဟာမိတ်အဖွဲ့တို့က ဖမ်းဆီးခံထားရသူများထဲ အယောက် ၁၅၀ ခန့်ကို ကနဦး ကယ်ထုတ်နိုင်ခဲ့ ပြီး ယနေ့တွင်မူ ပြည်သူ ၃၀၀ ကျော်လုံးကို ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ထပ်မံ ထုတ်ပြန်လာခြင်း ဖြစ်သည်။
ဖမ်းဆီးခံထားရသည့် ပြည်သူများကို ကယ်တင်ရန်အတွက် အမျိုးသားညီညွတ်ရေး အစိုးရ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များနှင့် KNLA တပ်မဟာ (၃) တို့ ပူးပေါင်းကာ စစ်ဆင်ရေးဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ထုတ်ပြန်ချက်အရ ကယ်ထုတ်နိုင်ခဲ့သည့် ပြည်သူ ၃၀၀ ကျော်ကို ဘေးကင်းလုံခြုံရာ ဒေသများသို့ ကူညီပို့ဆောင်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် စစ်ရေးအရ အရေးနိမ့်လာချိန်တွင် အရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုကာ အကြောက်တရားဖြင့် အုပ်ချုပ်ရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်းနှင့် ယခုဖြစ်စဉ်သည် ပဲခူးတိုင်း အတွင်း စစ်ကော်မရှင်၏ အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုများထဲမှ တစ်ခုဖြစ်ကြောင်း မြေပြင်တွင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများက သုံးသပ် ပြောဆိုနေကြသည်။