အရှေ့အလယ်ပိုင်း စစ်ပွဲ ၁၂ ရက်မြောက်တွင် ပိုမို ပြင်းထန်လာ၊ စစ်ပြီးရန် အလားအလာ မရှိသေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်။ 

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲအတွင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ပွဲအမြန်ဆုံး အဆုံးသတ်နိုင်မည့် အလားအလာ မတွေ့ရသေးကြောင်း လေ့လာသူများက ဆိုသည်။ 

အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အီရန်နိုင်ငံ တီဟီရန်မြို့နှင့် အာရတ်ခ် (Arak) မြို့တို့ရှိ လူနေအဆောက်အအုံများ ထိမှန်ပျက်စီးခဲ့ပြီး သေဆုံးသူပေါင်း ၁,၂၅၅ ဦးထက်မနည်း ရှိလာပြီဖြစ်ကြောင်း အီရန်ဘက်က ထုတ်ပြန်ထားသည်။

အီရန်နိုင်ငံတွင် အယာတိုလာ ခိုမေနီ၏ အရိုက်အရာကို ဆက်ခံသည့် သားဖြစ်သူ မိုဂျတာဘာ ခိုမေနီ (Mojtaba Khamenei) အား ထောက်ခံသည့် ဆန္ဒပြပွဲများကို တီဟီရန်မြို့၌ ကျင်းပခဲ့ကြသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးက စစ်ပွဲသည် အချိန်တိုအတွင်း ပြီးဆုံးမည်မဟုတ်ဘဲ လိုအပ်သလို ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု တုံ့ပြန်ထားသည်။ 

တစ်ဖက်တွင်လည်း ကူဝိတ်၊ ယူအေအီး၊ ဆော်ဒီအာရေဗျနှင့် ဘာရိန်းနိုင်ငံတို့သည် အီရန်ဘက်မှ လွှတ်တင်လိုက်သော ဒရုန်းနှင့် ဒုံးကျည်များကို ကြားဖြတ်ဟန့်တားနေရပြီး ဘာရိန်းနိုင်ငံတွင် လူနေအဆောက်အအုံ ထိမှန်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စစ်ပွဲသည် မကြာမီပြီးဆုံးမည်ဟု ပြောကြားထားသော်လည်း အီရန်၏ စစ်ဘက်ဆိုင်ရာ ပစ်မှတ် ၅,၀၀၀ ကျော်ကို ဆက်လက်တိုက်ခိုက်လျက်ရှိသည်ဟု ဆိုသည်။ 

စစ်ပွဲ၏ ရိုက်ခတ်မှုကြောင့် ရေနံဈေးနှုန်းများမှာ တစ်စည်လျှင် ၁၂၀ ဒေါ်လာအထိ မြင့်တက်ခဲ့သော်လည်း G7 နိုင်ငံများ၏ ကြားဝင်ဆောင်ရွက်မှုကြောင့် လက်ရှိတွင် ဒေါ်လာ ၉၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာခဲ့သည်။