တရုတ်ဂြိုလ်တု အကူအညီဖြင့် အီရန်က အမေရိကန်နှင့် အစ္စရေး စစ်စခန်းများကို ထောက်လှမ်းနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၄ ရက်။ 

အမေရိကန်အစိုးရက အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ ဂြိုဟ်တုဓာတ်ပုံနှင့် ဒေတာ အချက်အလက်များကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ကန့်သတ်လိုက်သော်လည်း အီရန်နိုင်ငံသည် တရုတ်နိုင်ငံ၏ အဆင့်မြင့်ဂြိုဟ်တုနည်းပညာကို အသုံးပြု၍ အမေရိကန်နှင့် အစ္စရေး စစ်အခြေစိုက်စခန်းများကို တိကျစွာ ပစ်မှတ်ထားထောက်လှမ်းလျက်ရှိကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြကြသည်။ 

ယခင်က နိုင်ငံတကာသုတေသီများနှင့် သတင်းမီဒီယာများသည် အမေရိကန်အခြေစိုက် ဂြိုဟ်တုကုမ္ပဏီများထံမှ အချက်အလက်များ ရယူခဲ့ကြသည်။ 

သို့သော်လည်း ယခုအခါ အမေရိကန်အစိုးရ၏ ဖိအားကြောင့် အဆိုပါကုမ္ပဏီများက ဝန်ဆောင်မှုပိတ်ပင်လိုက်သည့် အတွက် လိုအပ်ချက်နေရာကို တရုတ်ဂြိုဟ်တုကုမ္ပဏီများက အစားထိုးဝင်ရောက်လာခြင်းဖြစ်သည်။

အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) သည် တရုတ်ပုဂ္ဂလိကကုမ္ပဏီဖြစ်သော Earth Eye Co ထံမှ TEE-01B ဂြိုဟ်တုကို အမေရိကန်ဒေါ်လာ ၃၆.၆ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါဂြိုဟ်တုသည် မြေပြင်အရာဝတ္ထုများကို ၀.၅ မီတာ (Half-meter resolution) အထိ ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်စွမ်းရှိသဖြင့် ရန်သူ့လေယာဉ်အမျိုးအစားနှင့် ပျံသန်းရန်ပြင်ဆင်နေသည့် အခြေအနေများကိုပါ အသေးစိတ်ထောက်လှမ်းနိုင်သည်။ 

တရုတ်က အီရန်အပေါ် နိုင်ငံတကာပိတ်ဆို့မှုများကို ရှောင်လွှဲနိုင်ရန်အတွက် ဂြိုဟ်တုကို တရုတ်မြေပေါ်တွင် တည်ဆောက်လွှတ်တင်ခဲ့ပြီး အာကာသလမ်းကြောင်းအတွင်းသို့ ရောက်ရှိချိန်မှသာ အီရန်ထံသို့ တိုက်ရိုက်ထိန်းချုပ်ခွင့် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပါသည်။ 

အီရန်သည် ဤဂြိုဟ်တုအကူအညီဖြင့် ဆော်ဒီအာရေးဗီးယားရှိ Prince Sultan လေတပ်စခန်းအပါအဝင် ဒေသတွင်းရှိ အမေရိကန်စခန်းများကို စောင့်ကြည့်ခဲ့ပြီး အမေရိကန်ဆီဖြည့်လေယာဉ် ၅ စီးနှင့် AWACS ထောက်လှမ်းရေးလေယာဉ်တစ်စီးကို ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့သည်ဟု သတင်းများက ဆိုသည်။