အမေရိကန်က ဒုတိယ ည အဖြစ် အီရန်ကို လေကြောင်းတိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်။ 

ဟော်မုဇ်ရေလက်ကြားအတွင်း ကုန်တင်သင်္ဘောတစ်စီးကို အီရန်နိုင်ငံက တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်စစ်တပ်က အီရန်နိုင်ငံအပေါ် တနင်္ဂနွေနေ့မှစ၍ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ 

၎င်းကို တုံ့ပြန်သည့်အနေဖြင့် အီရန်ဘက်ကလည်း ပင်လယ်ကွေ့ဒေသတွင်းနိုင်ငံများဖြစ်ကြသည့် ဘာရိန်း၊ ကူဝိတ်၊ ကာတာ၊ ဂျော်ဒန်နှင့် အိုမန်နိုင်ငံတို့ကို ပြန်လည်တိုက်ခိုက်ခဲ့သည်။

အမေရိကန်စစ်တပ်၏ ထုတ်ပြန်ချက်အရ ယခုကဲ့သို့ တိုက်ခိုက်ရခြင်းမှာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနေသည့် ကုန်သွယ်ရေးသင်္ဘောများကို အီရန်ဘက်က လွတ်လပ်စွာ နှောင့်ယှက်တိုက်ခိုက်နိုင်စွမ်းမရှိစေရန် “အင်အားချို့နဲ့သွားစေဖို့” ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆိုသည်။ 

အမေရိကန်သည် တနင်္ဂနွေနေ့ညနှောင်းပိုင်းမှ တနင်္လာနေ့အထိ တတိယအကြိမ်မြောက်အဖြစ် အီရန်နိုင်ငံတွင်းသို့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်။ 

အီရန်နိုင်ငံပိုင်မီဒီယာများကလည်း နိုင်ငံတွင်း နေရာအတော်များများတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ယနေ့တနင်္လာနေ့မနက်အစောပိုင်းတွင် အတည်ပြုထုတ်ပြန်ထားသည်။

အီရန်က ဒေသတွင်းအာရပ်နိုင်ငံများကို ပြန်လည်ဗုံးကြဲခဲ့သောကြောင့် ဝါရှင်တန်နှင့် တီဟီရန်တို့အကြား စစ်ပွဲရပ်တန့်ရေး ဆွေးနွေးပွဲများသည်လည်း ပျက်ပြားလုနီးပါး အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ 

ဗုံးကြဲတိုက်ခိုက်မှုများနှင့် ပတ်သက်၍ အီရန်နိုင်ငံ ကေရှမ်ကျွန်း (Qeshm Island) အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ စစ်ရေးပစ်မှတ်အချို့ကို ဒုံးကျည်များဖြင့် ပစ်ခတ်ခံခဲ့ရသော်လည်း လူအသေအပျောက်မရှိဟု ဆိုသည်။ 

ထို့ပြင် ကမ်းရိုးတန်းမြို့တစ်မြို့နှင့် အီရန်နိုင်ငံမြောက်ပိုင်းရှိ မြို့ကြီးတစ်မြို့တွင်လည်း ပေါက်ကွဲသံများ ကြားခဲ့ရသည်။ 

အမည်မဖော်လိုသည့် အမေရိကန်အရာရှိတစ်ဦး၏ အဆိုအရ ယခုတိုက်ခိုက်မှုများသည် အီရန်၏ ဒုံးကျည်စနစ်များ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (Revolutionary Guard) ၏ စစ်ရေယာဉ်များကို အဓိကပစ်မှတ်ထား ခြေမှုန်းခဲ့ခြင်းဖြစ်သည်။