တိုင်ဖုန်း ဗာဗီ တရုတ်နိုင်ငံသို့ ကုန်းတွင်းပိုင်းဝင်ရောက်၊ လူ ၂ သန်းနီးပါး ဘေးလွတ်ရာရွှေ့ပြောင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်။
ပစိဖိတ်သမုဒ္ဒရာတွင် ဖျက်အားပြင်းစွာ တိုက်ခတ်ခဲ့သည့် ဆူပါတိုင်ဖုန်းမုန်တိုင်း “ဗာဗီ” (Bavi) သည် တရုတ်နိုင်ငံသို့ ကုန်းတွင်းပိုင်း ဝင်ရောက်ခဲ့ပြီဖြစ်သည်။
ယင်းသည် တစ်ပတ်အတွင်း တရုတ်နိုင်ငံသို့ ဒုတိယအကြိမ် မုန်တိုင်းဝင်ရောက်ခြင်းလည်း ဖြစ်သည်။
အကျယ်အဝန်းအားဖြင့် မြန်မာတစ်နိုင်ငံလုံး၏ ဧရိယာထက် ပိုမိုကြီးမားသော တိုင်ဖုန်းမုန်တိုင်း ဗာဗီသည် တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ကမ်းရိုးတန်းမြို့များသို့ စနေနေ့ညပိုင်းက စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
မုန်တိုင်းဒီရေနှင့် မိုးသည်းထန်မှုများကြောင့် လက်ရှိတွင် ပြည်သူ ၂ သန်းနီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရသည်။
ယခုမုန်တိုင်းသည် တရုတ်နိုင်ငံအတွင်းသို့ မဝင်ရောက်မီ ဖိလစ်ပိုင်နိုင်ငံတွင် မြေပြိုမှုများဖြစ်ပွားစေခဲ့ရာ လူ ၁၇ ဦး သေဆုံးခဲ့ရသည်။
ဂျပန်နှင့် ထိုင်ဝမ်တို့တွင်လည်း လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းများ ဖြစ်ပေါ်စေခဲ့သည်။
လက်ရှိတွင် မုန်တိုင်းသည် အပူပိုင်းမုန်တိုင်းအဖြစ် အင်အားလျော့နည်းသွားပြီ ဖြစ်သော်လည်း မိုးတိမ်တောင်များ သိပ်သည်းနေဆဲဖြစ်၍ ဘေးအန္တရာယ်ရှိနိုင်သေးသည်။
မုန်တိုင်းအရှိန်ကြောင့် ကျဲ့ကျန်းပြည်နယ်တွင် ကျောင်းများနှင့် လုပ်ငန်းများ ပိတ်ထားရပြီး လေကြောင်းခရီးစဉ် ၄၀၀ ကျော်နှင့် ရထားခရီးစဉ်များစွာကို ဖျက်သိမ်းထားရသည်။
ထို့ပြင် လွန်ခဲ့သည့် ရက်ပိုင်းကတင် တိုင်ဖုန်းမုန်တိုင်း “မေဆတ်” ကြောင့် တရုတ်နိုင်ငံတောင်ပိုင်းတွင် လူ ၃၉ ဦး သေဆုံးခဲ့ရသည်။