ဗင်နီဇွဲလားမြေငလျင်ကြောင့် သေဆုံးသူ ၄,၅၀၀ နီးပါအထိ မြင့်တက်လာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်။
ဗင်နီဇွဲလားနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မြေငလျင်နှစ်ကြိမ်ကြောင့် သေဆုံးရသူဦးရေသည် လက်ရှိတွင် ၄,၄၉၀ ဦးအထိ မြင့်တက်လာခဲ့ပြီဖြစ်ကြောင်း ဗင်နီဇွဲလား အာဏာပိုင်များက ထုတ်ပြန်သည်။
အခုအချိန်အထိ သေဆုံးသူများအနက် ၃၁၅ ဦး၏ မည်သူမည်ဝါဖြစ်ကြောင်း မခွဲခြားနိုင်သေးသလို၊ ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်းမှာ ၁၆,၇၄၀ ဦး ရှိနေသည်။
ထို့ပြင် အပျက်အစီးများကြားထဲမှ လူပေါင်း ၆,၄၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပြီး၊ လူဦးရေ ၁၇,၀၀၀ ခန့်မှာ အိုးအိမ်မဲ့ဖြစ်သွားခဲ့ရသည်။
ယခုငလျင်ကြောင့် အဆောက်အအုံပေါင်း ၈၅၆ လုံး ထိခိုက်ပျက်စီးခဲ့ပြီး အဆိုပါအထဲမှ ၁၉၀ မှာ လုံးဝပြိုကျပျက်စီးခြင်း သို့မဟုတ် အဆောက်အအုံတည်ဆောက်ပုံ ပျက်စီးခြင်းများ ကြုံတွေ့ခဲ့ရသည်။
အစိုးရ၏ ကနဦးခန့်မှန်းချက်များအရ နေအိမ်အသစ်ပေါင်း ၂၅,၀၀၀ ခန့် လိုအပ်နေကြောင်း ဆိုသည်။
လက်ရှိတွင် အိမ်ရာစီမံကိန်းများအတွက် စတုရန်းမီတာ ၆ သိန်းနီးပါးကျယ်ဝန်းသည့် မြေကွက်ပေါင်း ၄၀ ခန့်ကို ရှာဖွေလျာထားပြီးဖြစ်သလို၊ လာမည့်သီတင်းပတ်မှစ၍ ဘေးသင့်ပြည်သူများကို နေအိမ်များ စတင်ချထားပေးတော့မည်ဖြစ်သည်။
ဗင်နီဇွဲလား လွှတ်တော် ဥက္ကဌ ဟိုဟေး ရိုဒရီဂွက်ဇ် (Jorge Rodriguez) က “အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ရှိပါတယ်” ဟု ဆိုကာ အပျက်အစီးများအောက်တွင် ပိတ်မိနေနိုင်သူများကို ကယ်ဆယ်ရေးအဖွဲ့များက လက်မလျှော့တမ်း ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။