အီရန်က UAE နျူကလီးယားစက်ရုံကို ဒရုန်းဖြင့် တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက်။
ယူအေအီး (အာရပ်စော်ဘွားများပြည်ထောင်စု) နိုင်ငံ၊ အဘူဒါဘီမြို့ရှိ “ဘာရာကာ” (Barakah) နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံအနီးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသဖြင့် စက်ရုံအပြင်ဘက်ဝန်းကျင်ရှိ လျှပ်စစ်မီးစက်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ယူအေအီးအာဏာပိုင်များက သတင်းထုတ်ပြန်သည်။
ယူအေအီးအစိုးရက ယခုဖြစ်စဉ်သည် နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်သည့် ရန်စမှုဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့ပြီး မိမိတို့နိုင်ငံအနေဖြင့် ပြန်လည်တုံ့ပြန်ပိုင်ခွင့်ရှိကြောင်း သတိပေးလိုက်သည်။
တိုက်ခိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် နျူကလီးယားဓာတ်ရောင်ခြည် ယိုစိမ့်မှုတစ်စုံတစ်ရာ မရှိဘဲ နျူကလီးယားစက်ရုံမှာ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်လျက်ရှိသည်ဟု ဆိုသည်။
ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ (IAEA) ကလည်း ယခုဖြစ်စဉ်အပေါ် အထူးစိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် စစ်ရေးအရ အမြင့်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် တောင်းဆိုထားသည်။
ယခုပဋိပက္ခ၏ ဂယက်သည် မကြာသေးမီက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပခဲ့သည့် BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့အထိ ရိုက်ခတ်ခဲ့ပြီး ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါ အစည်းအဝေးအတွင်း အီရန်နိုင်ငံဘက်က UAE သည် အမေရိကန်၊ အစ္စရေးတို့နှင့် စစ်ရေးအရ ပူးပေါင်းကာ ဒေသတွင်းစစ်ပွဲတွင် ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲခဲ့သည်။
သို့သော် UAE ဘက်ကလည်း စစ်ပွဲစတင်ကတည်းက အီရန်သည် ၎င်းတို့နိုင်ငံအတွင်းသို့ ဒရုန်းနှင့် ဒုံးကျည်အစင်းရေ ၃,၀၀0 ကျော်ဖြင့် အကြမ်းဖက်တိုက်ခိုက်ခဲ့ကြောင်း ပြန်လည်ချေပခဲ့သည်။
ထိုသို့ နှစ်ဦးနှစ်ဖက် သဘောထား တင်းမာလွန်းခဲ့ခြင်းကြောင့် ယခုအကြိမ် BRICS အစည်းအဝေးတွင် ပူးတွဲကြေညာချက်ပင် ထုတ်ပြန်နိုင်ခြင်းမရှိဘဲ ပျက်ပြယ်ခဲ့ရသည်။
လက်ရှိတွင် အမေရိကန်နှင့် အီရန်တို့အကြား ပြီးခဲ့သည့် ဧပြီလက ရရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ဟိုတစ်စဒီတစ်စ အပြန်အလှန် ပစ်ခတ်မှုများကြောင့် “အသက်ရှူစက် တပ်ထားရသလို အလွန်စိုးရိမ်ရသည့် အခြေအနေ” တွင် ရှိနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မှတ်ချက်ပြု ပြောကြားထားသည်။