အပစ်ရပ် သဘောတူညီမှု အမေရိကန် ကြီးကြီးမားမား ချိုးဖောက်ဟု အီရန် စွပ်စွဲ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၇ ရက်။ 

အမေရိကန်စစ်တပ်သည် အီရန်နိုင်ငံတောင်ပိုင်းရှိ ဒုံးကျည်စခန်းများနှင့် ရေမိုင်းထောင်ရန် ကြိုးပမ်းနေသည့် အီရန်ရေတပ်သင်္ဘောများကို ပြီးခဲ့သည့် တနင်္လာနေ့က ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ် (Centcom) က သတင်းထုတ်ပြန်ခဲ့သည်။ 

ယခုတိုက်ခိုက်မှုသည် အမေရိကန်အနေဖြင့် တည်ဆဲအပစ်အခတ်ရပ်စဲရေးကို ကြီးကြီးမားမား ချိုးဖောက်ခြင်းဖြစ်သည်ဟု အီရန်ဘက်က ပြင်းထန်စွာ တုံ့ပြန်ပြောဆိုခဲ့သည်။

သို့သော်လည်း၊ အမေရိကန်ဗဟိုစစ်ဌာနချုပ်ကမူ ယခုစစ်ဆင်ရေးသည် မိမိကိုယ်ကိုယ် ခုခံကာကွယ်သည့်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးကို ဆက်လက်လိုက်နာလျက်ရှိကြောင်း တုံ့ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုသည် ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေးတွင် အလွန်အရေးပါသည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အနီးရှိ အီရန်ရေတပ်စခန်းစိုက်ရာ ဘန်ဒါအာဘတ်စ် (Bandar Abbas) ဆိပ်ကမ်းမြို့အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ကလည်း ၎င်းတို့၏ ဝေဟင်ပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်လာသည့် အမေရိကန်ဒရုန်းတစ်စင်းကို ပစ်ချနိုင်ခဲ့ပြီး အခြားစစ်လေယာဉ်တစ်စင်းကိုလည်း ပြန်လည်မောင်းထုတ်နိုင်ခဲ့ကြောင်း အင်္ဂါနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

လက်ရှိတွင် ကာတာနိုင်ငံ၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အသစ် ရရှိရန် ဆွေးနွေးပွဲများ ဆက်လက်ကျင်းပနေပြီး၊ သဘောတူညီချက်ရရှိရန် အလားအလာရှိနေဆဲဖြစ်ကြောင်းနှင့် သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် အပေးအယူကောင်းတစ်ခု ရရှိရန် မျှော်လင့်ထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း ပြောကြားခဲ့သည်။ 

သို့သော်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကမူ ဆွေးနွေးပွဲတွင် အချက်အလက်အတော်များများ သဘောတူညီမှု ရရှိနေပြီဖြစ်သော်လည်း စာချုပ်ချုပ်ဆိုနိုင်ရန်မူ အလှမ်းဝေးနေသေးကြောင်း သုံးသပ်ထားသည်။