ရဟတ်ယာဉ် ပစ်ချမှု အီရန်အား အမေရိကန် လက်တုန့်ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်။
ဟော်မုဇ်ရေလက်ကြားအနီးတွင် အမေရိကန်တပ်မတော်ပိုင် Apache တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်း တနင်္လာနေ့က ပစ်ချခံရမှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံအတွင်းရှိ စစ်ဘက်ဆိုင်ရာပစ်မှတ်များကို လက်တုံ့ပြန်စစ်ဆင်ရေးများ ပြုလုပ်လျက်ရှိကြောင်း အမေရိကန် စစ်ဘက်ဆိုင်ရာ ဗဟိုစစ်ဌာနချုပ် (CENTCOM) က အတည်ပြုထုတ်ပြန်ခဲ့သည်။
အမေရိကန်အခြေစိုက် Axios သတင်းဌာန၏ ဖော်ပြချက်အရ အမေရိကန်စစ်တပ်သည် အီရန်နိုင်ငံတောင်ပိုင်း ပါရှန်ပင်လယ်ကွေ့ ကမ်းရိုးတန်းတစ်လျှောက်ရှိ ဘန်ဒါအဘတ်စ် (Bandar Abbas)၊ ကက်ရှမ် (Qeshm) နှင့် ဆီရစ်ခ် (Sirik) မြို့များရှိ အီရန်လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် ရေဒါစခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်စစ်ဘက်အာဏာပိုင်များက ယခုစစ်ဆင်ရေးသည် အီရန်၏ အကြောင်းမဲ့ကျူးကျော်မှုကို အချိုးကျတုံ့ပြန်ခြင်း (Proportional Response) သာဖြစ်ကြောင်း ပြောကြားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က “ယခုတုံ့ပြန်မှုသည် အလွန်ပြင်းထန်ပြီး အားကောင်းရမည်” ဟု ABC News သတင်းဌာနသို့ ဖြေကြားခဲ့သည်။
ပစ်ချခံရသည့် ရဟတ်ယာဉ်ပေါ်ပါ လေသူရဲနှစ်ဦးကိုမူ အမေရိကန်ရေတပ်ပိုင် ပင်လယ်ရေပြင်ဒရုန်း (Sea Drone) ဖြင့် အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ထုတ်ပြန်သည်။
တစ်ဖက်တွင်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ဂ်ချီ (Abbas Araghchi) က ၎င်း၏ လူမှုကွန်ရက် X စာမျက်နှာမှတစ်ဆင့် အမေရိကန်တပ်ဖွဲ့များအနေဖြင့် ဘေးကင်းလုံခြုံလိုပါက ဒေသတွင်းမှ ချက်ချင်းထွက်ခွာကြရန် သတိပေးတုံ့ပြန်ထားသည်။