တရုတ်ထိပ်တန်းကုမ္ပဏီကြီးများကို အမေရိကန်က နာမည်ပျက်စာရင်းသွင်း၊ (BYDAlibaba နှင့် Baidu တို့ ပါဝင်) 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်။ 

အမေရိကန်အစိုးရသည် တရုတ်နိုင်ငံ၏ ထိပ်တန်းကော်ပိုရိတ်ကုမ္ပဏီကြီးများဖြစ်ကြသည့် အလီဘာဘာ (Alibaba)၊ ဘီဝိုင်ဒီ (BYD) နှင့် ဘိုင်ဒူ (Baidu) တို့ကို တရုတ်စစ်တပ်အား ပံ့ပိုးကူညီနေသည့် ကုမ္ပဏီများအဖြစ် သတ်မှတ်ကာ နာမည်ပျက်စာရင်းတွင် ဖြည့်စွက်လိုက်သည်။ ၐ

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန (ပင်တဂွန်) သည် အဆိုပါကုမ္ပဏီကြီးများကို စစ်ဘက်ဆိုင်ရာ ကုမ္ပဏီများအဖြစ် ပြီးခဲ့သည့် တနင်္လာနေ့တွင် အဆင့်မြှင့်တင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။ 

ယခုလုပ်ရပ်သည် နှစ်ပေါင်းများစွာ အဆင်မပြေဖြစ်နေပြီးမှ လတ်တလော ပြန်လည်တည်ငြိမ်စ ပြုလာသည့် ဝါရှင်တန်နှင့် ပေကျင်းအကြား သံတမန်ရေးရာဆက်ဆံရေးကို ပိုမိုရှုပ်ထွေးသွားစေနိုင်သည်ဟု Aljazera သတင်းဌာနက သုံးသပ်သည်။ 

ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးက ယခုကဲ့သို့ စာရင်းသွင်းမှုကို ခွဲခြားဆက်ဆံမှု (Discriminatory) ဖြစ်ပြီး အမေရိကန်အစိုးရအနေဖြင့် အမျိုးသားလုံခြုံရေးခေါင်းစဉ်ကို အလွန်အကျွံ အလွဲသုံးစားလုပ်နေခြင်းဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့သည်။ 

တရုတ်သံရုံးပြောခွင့်ရပုဂ္ဂိုလ်က ပြည်ပမှာ သွားရောက်လုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီတွေဟာ အိမ်ရှင်နိုင်ငံတွေရဲ့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို တိတိကျကျ လိုက်နာဆောင်ရွက်နေခြင်း ဖြစ်ပြီး အမေရိကန်အနေနှင့် ယခုကဲ့သို့ မှားယွင်းသည့် လုပ်ရပ်များကို ရပ်တန့်ရန် လိုကြောင်း နှင့် တရုတ်ကုမ္ပဏီတွေအတွက် တရားမျှတပြီး ခွဲခြားဆက်ဆံမှုမရှိတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးသင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အကြီးမားဆုံးသော အီးကောမတ်စ် (E-commerce) ကုမ္ပဏီဖြစ်သည့် Alibaba က ၎င်းတို့အား ယခုစာရင်းတွင် ထည့်သွင်းရန် မည်သည့်အကြောင်းပြချက်မျှမရှိကြောင်းနှင့် ၎င်းတို့သည် စစ်ဘက်ဆိုင်ရာကုမ္ပဏီမဟုတ်သလို စစ်ဘက်-စပ်လျဉ်းမဟာဗျူဟာများတွင်လည်း ပါဝင်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။  

ကုမ္ပဏီ၏ဂုဏ်သိက္ခာကို ထိခိုက်အောင်လုပ်ဆောင်မှုအပေါ် ဥပဒေကြောင်းအရ တုံ့ပြန်သွားမည်ဟု ဆိုသည်။ 

ထို့အတူ အင်တာနက်ရှာဖွေရေးအင်ဂျင်ကုမ္ပဏီကြီး Baidu ကလည်း ယခုစွပ်စွဲချက်သည် လုံးဝအခြေအမြစ်မရှိကြောင်းနှင့် စာရင်းမှ ပြန်လည်ပယ်ဖျက်ပေးရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းသွားမည်ဟု အသီးသီးထုတ်ပြန်ခဲ့ကြသည်။ 

Baidu ကို တရုတ် ဘာသာသုံးစွဲသူများက Google ကဲ့သို့ အချက်အလက် ရှာဖွေရန် အသုံးပြုကြသည်။ 

ပင်တဂွန်စစ်ဌာနချုပ်၏ ထုတ်ပြန်ချက်အရ ယခုနှစ်တွင် “တရုတ်စစ်ဘက်ဆိုင်ရာကုမ္ပဏီများ” နာမည်ပျက်စာရင်း၌ ကုမ္ပဏီပေါင်း ၁၈၈ ခုအထိ ရှိလာပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က ၁၃၄ ခုသာ ရှိခဲ့ရာမှ သိသိသာသာ တိုးမြင့်လာခြင်းဖြစ်သည်။ 

ယခုစာရင်းတွင် ပါဝင်သွားသည့် ကုမ္ပဏီများသည် ယခုလနှောင်းပိုင်းတွင် စတင်အာဏာတည်မည့် စည်းမျဉ်းများအရ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ဘက်ဆိုင်ရာ ကန်ထရိုက်လုပ်ငန်းများ လျှောက်ထားခွင့် ပိတ်ပင်ခံရမည်ဖြစ်သည်။

အမေရိကန်အောက်လွှတ်တော်၏ တရုတ်ကွန်မြူနစ်ပါတီဆိုင်ရာ မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုကော်မတီ ဥက္ကဋ္ဌ ဂျွန်မူလီနာ (John Moolenaar) ကမူ “အမေရိကန်စတော့အိတ်ချိန်းမှာ စာရင်းသွင်းထားတဲ့ ဒီကုမ္ပဏီတွေကို ချက်ချင်းပယ်ဖျက်ရမှာဖြစ်ပြီး ကျွန်တော်တို့နိုင်ငံက မှီခိုနေရတဲ့ ထောက်ပံ့ရေးကွင်းဆက် (Supply Chains) တွေထဲကနေလည်း သူတို့ရဲ့ထုတ်ကုန်တွေကို ဖယ်ရှားပစ်ရပါမယ်။ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အဖွဲ့တွေနဲ့ စီးပွားတွဲမလုပ်သင့်တော့ပါဘူး” ဟု ပြတ်ပြတ်သားသား တောင်းဆိုထားသည်။

ယခုကဲ့သို့ နာမည်ပျက်စာရင်း တိုးမြှင့်လိုက်ခြင်းသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ပေကျင်းမြို့၌ ရက်ပေါင်းများစွာကြာ ကုန်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ တင်းမာမှုများ လျှော့ချရေး ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနောက် တစ်လမပြည့်မီအချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

ယခုနှစ်စာရင်းတွင် နည်းပညာနှင့် စက်ရုပ်ကုမ္ပဏီများဖြစ်ကြသည့် RoboSense Technology နှင့် Unitree Robotics တို့လည်း အသစ်ထည့်သွင်းခြင်း ခံခဲ့ရသည်။ Unitree မှာ လူကြိုက်များနေသော ခုန်ပေါက် ကပြ နိုင်သည့် လူတူ စက်ရုပ်များ ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်သည်။