ကချင် စစ်ဘေးရှောင်ကူညီရန် နှင့် မြစ်ဆုံစီမံကိန်း ရပ်တန့်ရန် အဖွဲ့ ၁၂၉ ဖွဲ့ တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်။
စစ်တပ်က ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေသည့် မြစ်ဆုံဆည်စီမံကိန်းကို အပြီးတိုင်ရပ်တန့်ရန်နှင့် အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ချက်ချင်းရပ်ရန် ကချင်တစ်ကျော့ပြန်ပဋိပက္ခ ၁၅ နှစ်ပြည့် တွင် အရပ်ဘက်အဖွဲ့အစည်း ၁၂၉ ဖွဲ့က ပူးတွဲတောင်းဆိုလိုက်သည်။
၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်ခဲ့သည့် ၎င်းစစ်ပွဲကြောင့် ကချင်ပြည်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရ သူဦးရေ ၂၄၄,၅၀၀ ကျော် ရှိနေပြီး မြေပြင်တွင် အဆိုပါစာရင်းထက် ပိုမိုများပြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် စစ်တပ်၏ ငွေကြေးနှင့် လက်နက်သယ်ယူခွင့် ဖြတ်တောက်မှုများ၊ အင်တာနက်လိုင်းနှင့် လမ်းပန်းဆက် သွယ်ရေး ပိတ်ဆို့မှုများကြောင့် ဒေသခံပြည်သူများမှာ စားနပ်ရိက္ခာနှင့် ဆေးဝါးအရေးပေါ် လိုအပ်ချက်များနှင့် ရင်ဆိုင်နေရသည်။
စစ်ဘေးရှောင်များ၏ ရေရှည်ရှင်သန်ရေးနှင့် အကူအညီလိုအပ်ချက်များနှင့် ပတ်သက်၍ ကချင်အမျိုးသမီး အစည်းအရုံး (KWAT) ပြောရေးဆိုခွင့်ရှိသူ မဆန်ထွယ်က ယခုကဲ့သို့ ပြောသည်။
“ရေရှည်အတွက်လည်း အများကြီးလိုအပ်သလို အခုနေ့စဉ်ဓူဝ အခုဘာစားရမလဲဆိုတဲ့ဟာကို ပိုပြီးတော့ အာရုံ စိုက်ရတဲ့ အချိန်ဖြစ်တယ်။ ဒါတွေကို လက်ရှိအခြေအနေမှာ ကချင်ပတ်ဝန်းကျင်၊ ကချင်လူထုအဖွဲ့အစည်းတွေ အပါအဝင် တခြားသော မြန်မာနိုင်ငံကနေရော နိုင်ငံတကာက ပြည်သူတွေကရော ကူညီတာတွေ ရှိတယ်။ ဒါပေ မဲ့ ဒီအကူအညီက ကျမတို့ရဲ့ ၁၅ နှစ်တာလို့ ဖြစ်လာတဲ့အချိန်မှာ ရေရှည်မှာ တစ်ပတ်၊ တစ်လ ကူညီလို့ရမယ်။ ဒါပေမဲ့ ကျမတို့ ရေရှည်အတွက် စဉ်းစားရမယ့် အခြေအနေတွေလည်း အများကြီးရှိတယ်။ ဆိုတော့ ဒါတွေကို အချိန်နဲ့တပြေးညီ တကယ်ပဲ လိုအပ်တဲ့နေရာမှာ ထိထိရောက်ရောက် အများကြီးလိုအပ်နေတာကိုလည်း တွေ့ရတယ်။”
ထို့ပြင် ၎င်းက နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ နယ်မြေ များရှိ ပြည်သူများထံ လူသားချင်းစာနာမှုအကူအညီများ တိုးမြှင့်ပေးရန်နှင့် အတုအယောင်ရွေးကောက်ပွဲဖြင့် အစိုးရလုပ်ရန် ကြိုးပမ်းနေသည့် ဦးမင်းအောင်လှိုင်နှင့် စစ်အုပ်စုကို လက်မခံဘဲ လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်အောင် လုပ်ဆောင်ရန် တိုက်တွန်းထားသည်။
အခြားတစ်ဖက်တွင်လည်း စစ်တပ်သည် ဧရာဝတီမြစ်ကို မှီတင်းနေရသည့် မြန်မာနိုင်ငံ၏ လူမှုအသိုင်းအဝိုင်း များစွာကို ထိခိုက်စေမည့် မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်စတင်ရန် ပြင်ဆင်နေပြီး၊ ထိုလုပ်ရပ်သည် လက်နက် ကိုင် ပဋိပက္ခကို ပိုမိုပြင်းထန်လာစေကာ အနာဂတ်တွင် ကြီးမားသော သဘာဝဘေးအန္တရာယ်များကိုပါ ဖိတ်ခေါ် ရာရောက်မည်ဟု ထုတ်ပြန်ချက်က ထောက်ပြထားသည်။
လတ်တလော မြစ်ဆုံဒေသအတွင်း သဘာဝပတ်ဝန်းကျင် ပျက်စီးနေမှုနှင့် ပတ်သက်၍ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု တရားမျှတရေး ဆောင်ရွက်သူ ဦးဇုန်းတိန့်က မြေပြင်အခြေအနေကို ယခုကဲ့သို့ သတိပေးပြောဆိုသည်။
“ဧရာဝတီမြစ်က တောက်လျှောက် မြစ်ဖျားကနေ မြစ်ကြီးနားနဲ့ ကပ်နေတဲ့နေရာမှာ မြစ်လယ်ခေါင်မှာကို သဲ ကျောက်တူးတာ၊ ရွှေတူးတာ၊ အခုဆို ဒီရက်ပိုင်းမှာ တန်ဖဲ-မြစ်ဆုံမှာ အကြီးအကျယ်ရွှေတူးနေတယ်။ မေခနဲ့ မလိခ မြစ်ဖျားမှာလည်း ဖွတ်ဖွတ်ကြေအောင်ကို ရွှေတူးနေတယ်။ ကျွန်တော်တို့ ဧရာဝတီမြစ်က အခုကို ဖုတ် လိုက်ဖုတ်လိုက် ဖြစ်နေပြီ။ အခုကို ကောင်းကောင်း စီးနိုင်တဲ့ အနေအထားမရှိတော့ဘူး။ ဒီလိုအနေအထား မျိုးမှာ ဧရာဝတီမြစ်ဆုံ ပြန်ပိတ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ အလွယ်တကူပဲ စဉ်းစားကြည့်လို့ရတယ်။ ဧရာဝတီမြစ်ကြီးက အခုကို ကောနေပြီ။ အဲဒီမှာ ဧရာဝတီမြစ်ဆုံက ထပ်ပြီးပိတ်လိုက်ဦးမယ်ဆိုရင် အားလုံး စဉ်းစားကြည့်လို့ရတယ် စီးနိုင်တော့မလား။”
အရပ်ဘက်အဖွဲ့အစည်း ၁၂၉ ဖွဲ့က နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များကို ဦးစားပေးရန်နှင့် အိုးအိမ်စွန့်ခွာရသူများအတွက် ရန်ပုံငွေတိုးမြှင့်ပေးရန် တောင်းဆိုထား သည်။
ထို့ပြင် ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် စစ်ရာဇဝတ်မှုကျူးလွန်သူများကို အရေးယူနိုင်ရေး အတွက် နိုင်ငံတကာက ကာကွယ်စောင့်ရှောက်ပေးရန်လည်း တောင်းဆိုထားသည်။
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းအရ စစ်အာဏာရှင်စနစ်အောက်တွင် ရေရှည်တည်တံ့သော တည်ငြိမ်မှုနှင့် စစ်မှန် သော ဖြေရှင်းချက်များ မရရှိနိုင်ကြောင်း ၎င်းထုတ်ပြန်ချက်က မီးမောင်းထိုးပြထားပြီး၊ ပြည်သူများ၏ လူမှုဘဝ များ ပုံမှန်ပြန်လည်လည်ပတ်နိုင်ရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် ကမ္ဘာလုံးဆိုင်ရာ စည်းလုံး ညီညွတ်မှုကို ဆက်လက်တောင်းဆိုထားသည်။