ရွှေကူအနီး လမ်းများကို KIA ပိတ်၊ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်။

စစ်ရေး အခြေအနေကြောင့် ခရီးသွားလာခွင့် ပိတ်ထားသည့် ရွှေကူမြို့အဝင်လမ်းမကြီး၊ ငါးအိုး-ရွှေကူလမ်း မကြီးများကို သွားလာမှု မပြုလုပ်ကြရန်နှင့် ရွှေကူမြို့မှ ထွက်ခွာပေးရန် ထုတ်ပြန်ချက်ကို လိုက်နာကြရန် ကချင် လွတ်လပ်ရေးအဖွဲ့ KIO က ပြည်သူများကို သတိပေးပြောဆိုလိုက်သည်။

ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်းသို့ စစ်အုပ်စုတပ်က စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်ဝင်ရောက်လာ နေပြီး တိုက်ပွဲများလည်း အချိန်မရွေး ဖြစ်လာနိုင်သောကြောင့် သတိပေးပြောဆိုရခြင်းဖြစ်သည်ဟု ကချင်လွတ် လပ်ရေးအဖွဲ့ KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

စကစဖက် စစ်ကော်မရှင်ဖက်က သူတို့စစ်ကြောင်းတွေဟာ ဆက်ထိုးနေတယ်။ ဒါကြောင့် တိုက်ပွဲကတော့ ဆက်ပြီးမှ ဖြစ်ဖို့တော့ များပါတယ်။ ဘယ်နေရာမှာ ဖြစ်မယ်ဆိုတာကတော့ ဘယ်လိုမှ ပြောလို့မရဘူး။ ဒါပေမဲ့ ပြည်သူလူထုအနေနဲ့လည်း KIA တပ်မတော် ထုတ်ပြန်လိုက်တဲ့ အဲဒီစာကိုတော့ ဂရုစိုက်ဖို့တော့ လိုတယ်လို့တော့ ပြောလိုပါတယ်။ လုံခြုံရေးအတွက် တန်ဖိုးထားရမဲ့ စာ ဖြစ်ပါတယ်ဆိုပြီးမှ ကျနော်ထပ်မံပြီး ပြောလိုပါ တယ်။

စစ်ရေးအခြေအနေအကြပ်အတည်းကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၁၁၊ တပ်ရင်း ၁၂ နယ်မြေဖြစ်သော ရွှေကူမြို့အဝင် လမ်းမကြီးနှင့် ငါးအိုး-ရွှေကူလမ်းမကြီး အားလုံးကို ဇွန်လ ၈ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် ငါးအိုးဘက်မှ ရွှေကူဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်တပ်၏ စစ်ကြောင်းအချို့သည် ရွှေကူမြို့ထဲသို့ ဝင်ရောက်သွားပြီ ဖြစ်ကြောင်း မြေပြင်သတင်းများအရ သိရသည်။ အဆိုပါစစ်ကြောင်းများသည် ရွှေကူမှ တစ်ဆင့် ဗန်းမော်မြို့ဘက်သို့ ဆက်လက်စစ်ကြောင်းထိုး တက်လှမ်းရန် ဦးတည်နေခြင်းဖြစ်သည်။

ဗိုလ်မှူးကြီးနော်ဘူက စစ်တပ်၏ စစ်ကြောင်းဝင်ရောက်လာမှုနှင့် ပတ်သက်၍ စစ်ကော်မရှင်ရဲ့ ထိုးလာတဲ့ စစ်ကြောင်းတွေကတော့ ငအိုးဖက်နေ ရွှေကူဖက်ကို ထိုးလာတာ အခုလည်း တစ်ချို့တွေကတော့ ရွှေကူဖက်ကို ဝင်သွားတယ်လို့ ကြားရတယ်နော်။ ဆိုတော့ ရွှေကူဖက်ကနေ ဆက်ပြီးတော့ ဗန်းမော်ဖက်ကို တက်ဖို့ သူတို့က ဦးတည်လာတာ တွေ့ရတယ်။ ဒါကြောင့် တိုက်ပွဲကတော့ ပိုပြင်းထန်လာနိုင်တဲ့ အနေအထား ရှိပါတယ်။ ဒါ ကြောင့် ပြည်သူလူထုရဲ့ လုံခြုံရေးကို ကြည့်ပြီးမှ အခုလိုမျိုး ထုတ်ပြန်ကြေညာချက် ထုတ်တာဖြစ်ပါတယ် ဟု ဆက်ပြောသည်။

လက်ရှိ ရွှေကူမြို့နယ်အတွင်း၌ ထိုးစစ်ဆင်လာသည့် စစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် PDF ပူးပေါင်းတပ်များက ကြားဖြတ်ခုခံနေသဖြင့် နှစ်ဖက်တိုက်ပွဲများ နေ့စဉ်ရက်ဆက် ပြင်းထန်နေခြင်း ဖြစ်သည်။

ရွှေကူဖက်မှာကတော့ သူတို့ ထိုးစစ်ဆင်လာတဲ့ ခုခံတဲ့ တိုက်ပွဲတွေ နေ့တိုင်းလိုရှိပါတယ်။ အဲဒီနေရာမှာပဲ ပိုပြီးမှ တိုက်ပွဲတွေ ပြင်းထန်တယ်ပြောရမှာပေါ့။ တခြား နေရာမှာကတော့ အဲလောက်ကြီးတော့ မရှိပါဘူး။ ဒါပေမဲ့ တကယ့်တိုက်ပွဲ ရင်ဆိုင်ရတဲ့ဟာကတော့ ရွှေကူ ငအိုး အဲဒီတစ်ကြောမှာကတော့ နေ့တိုင်းလို ရှိပါတယ်။ အဲလိုအခြေအနေပါ ဟု ဗိုလ်မှူးကြီး နော်ဘူ က မြေပြင်တိုက်ပွဲအခြေအနေကို ရှင်းပြသည်။

စစ်ခေါင်းဆောင်က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမည်ဟု နိုင်ငံတကာကို ပြောနေသော်လည်း မြေပြင်တွင်မူ ‘ရက် ၁၀၀ စီမံကိန်း’ ဖြင့် တော်လှန်ရေးနယ်မြေများကို လေကြောင်းနှင့် လက်နက်ကြီးသုံးကာ အပြင်းအထန် ထိုးစစ်ဆင်နေသည်။ 

ထို့ကြောင့် ကချင်ပြည်အနှံ့တွင် စစ်ရေးတင်းမာမှုများနှင့်အတူ တိုက်ပွဲများ နေ့စဉ် ရက်ဆက် ဖြစ်ပွားနေသည်။