ရွှေကူမြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံကို စစ်တပ်ဗုံးကြဲ၊ ၃ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်။
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း စစ်ရေးအရ အထိနာနေသည့် စစ်တပ်က ပြည်သူ့ဆေးရုံနှင့် အုပ်ချုပ်ရေးရုံး များကို လေကြောင်းမှ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အနည်းဆုံး အရပ်သားပြည်သူ ၃ ဦး သေဆုံးကာ ဆေးရုံအဆောက်အအုံများ ပြာကျပျက်စီးခဲ့ရသည်။
ဇွန်လ ၄ ရက်နေ့၊ နံနက် ၇ နာရီခွဲမှ ၈ နာရီခွဲဝန်းကျင် အချိန်တွင် ရွှေကူမြို့နယ်၊ KIA တပ်မဟာ (၁၁) နယ်မြေ အတွင်းရှိ စီသာကျေးရွာသို့ စစ်တပ်က ဂျက်ဖိုက်တာ တိုက်လေယာဉ်ဖြင့် သုံးကြိမ်ထက်မနည်း ပတ်ပျံကာ ပပေါင် ၅၀၀ ဗုံးသီးများအပါအဝင် စုစုပေါင်း ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဗုံးကြဲမှုကြောင့် စီသာကျေးရွာ KBC ဘုရားကျောင်းအနီးရှိ ‘ဘွမ်ဘရီဘွမ်’ တိုက်နယ်ရုံးနှင့် တိုက်နယ် ဆေးရုံ အဆောက်အအုံ ၃ လုံး တိုက်ရိုက်ထိမှန် မီးလောင်ပျက်စီးခဲ့ရသည်။
ဒေသတွင်း တာဝန်ရှိသူတစ်ဦးက “စစ်ကောင်စီက တမင်သက်သက်ကို ပြည်သူလူထုအခြေစိုက်တဲ့ နောက်တန်း နယ်မြေတွေကို ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။ ဗုံးကြဲခံရတဲ့နေရာမှာ ဘာတိုက်ပွဲမှမရှိသလို၊ စစ်ရေးအရ အခြေစိုက်ထားတာလည်း မရှိဘူး။ အခုလို အရပ်သားဆေးရုံနဲ့ အုပ်ချုပ်ရေးရုံးတွေကို လေကြောင်းနဲ့ ရည်ရွယ် ချက်ရှိရှိ တိုက်ခိုက်သွားတာပါ” ဟု ပြောသည်။
မြေပြင်သတင်းရင်းမြစ်များ၏ အဆိုအရ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် စုစုပေါင်း ၃ ဦး သေဆုံးခဲ့ရ ပြီး နောက်ထပ်တစ်ဦးမှာ ခြေထောက်ပြတ်ဒဏ်ရာဖြင့် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။
ဗုံးကြဲခံရသည့်အချိန်တွင် ကံကောင်းထောက်မစွာဖြင့် ဆေးရုံအတွင်းရှိ လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများမှာ အဆောက်အအုံအနောက်ဘက်သို့ အချိန်မီ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သဖြင့် အစုလိုက်အပြုံလိုက် ထိခိုက် သေဆုံးမှုမှ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံအမျိုးသားတစ်ဦးက “မနက်စောစော လေယာဉ်သံကြားကတည်းက လူတွေက အလန့်တကြားနဲ့ ဆေးရုံ နောက်ဘက် ဝါးရုံတောတွေထဲ ပြေးပုန်းကြတာ။ ဂျက်ဖိုက်တာက ဝဲပြီးတော့ ဆေးရုံကို အလုံးကြီးတွေ ချသွား တာ။ ဆေးရုံ အဆောက်အအုံတွေဆိုတာ ပြာကျကုန်ပြီ။ စစ်မျက်နှာနဲ့ ဘာမှမဆိုင်တဲ့ လူနာတွေ ကုသနေတဲ့ ဆေးရုံကိုမှ ရည်ရွယ်ချက်ရှိရှိ လာကြဲသွားတာ” ဟု ပြောသည်။
လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့ဘက်မှ အင်အား ၇၀၀ မှ ၈၀၀ ခန့်ရှိသည့် စစ်တပ် စစ်ကြောင်း သည် ရွှေကူမြို့တွင်းရှိ ခလရ (၅၆) တပ်ရင်းထံသို့ စစ်အင်အားဖြည့်တင်းရန် မေလ ၅ ရက်နေ့ကတည်းက ရွှေကူ-ငါးအိုး လမ်းပိုင်းအတိုင်း ထိုးစစ်ဆင် တက်လာနေခြင်းဖြစ်သည်။
သို့သော် အဆိုပါစစ်ကြောင်းကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက ရွှေကူနယ်စပ်သို့ အဝင်မခံဘဲ ကြားဖြတ်ဟန့်တား တိုက်ခိုက်နေသဖြင့် မဘိမ်းနယ်ထဲက မန်နားလေးကျေးရွာနှင့် ငို့စင်ကျေးရွာဝန်းကျင်တွင် တစ်လကျော်ကြာ သည်အထိ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
ရွှေကူ-ငါးအိုး လမ်းပိုင်းတွင် လှုပ်ရှားနေသည့် တော်လှန်ရေးရဲဘော်တစ်ဦးက “သူတို့ဘက်က မဘိမ်းကနေ တက် လာတဲ့ စစ်ကြောင်းက လမ်းမှာ အတော်လေး အထိနာနေတာ။ တက်လာလို့လည်းမရ၊ ဆုတ်လို့လည်းမရ ဖြစ် ပြီး တစ်လကျော်ပြီ။ အဲဒီတော့ မြေပြင်မှာ မနိုင်ရင် နောက်တန်းက ဆေးရုံတွေ၊ အုပ်ချုပ်ရေးရုံးတွေကို ဗုံးကြဲပြီး အရပ်သားတွေကို ဒုက္ခပေးတဲ့ ဗျူဟာကို သုံးလာတာပဲ။ လက်ရှိမှာတော့ စစ်ကြောင်းကြောင့် ငို့စင်၊ ခတ်ခုံ၊ မန်နား၊ စီဖွာနဲ့ မန်ကင်းရွာတွေက ဒေသခံထောင်ချီပြီး မိုးထဲရေထဲမှာ စစ်ဘေးရှောင်နေကြရတယ်” ဟု ပြောသည်။
အဆိုပါ တိုက်ပွဲပြင်းထန်နေသည့် နေရာများနှင့် ဗုံးကြဲခံရသည့် စီသာကျေးရွာမှာ မိုင် ၃၀ ခန့် ကွာဝေးပြီး စစ်တပ်သည် မြေပြင်တိုက်ပွဲတွင် အထိနာသေဆုံးမှု များပြားနေခြင်းကြောင့် ယခုကဲ့သို့ စစ်ရေးနှင့်မဆိုင်သည့် KIA ထိန်းချုပ်နယ်မြေနောက်တန်းရှိ ပြည်သူလူထုကို လေကြောင်းဖြင့် အရမ်းကာရော တုံ့ပြန်တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်သည်။