ရွှေကူနှင့် ကသာ၌ စစ်တပ်က လေကြောင်းမှ ဗုံးကြဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားများ သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်။

ကချင်ပြည်နှင့် စစ်ကိုင်းတိုင်း အစပ်ရှိ ရွှေကူနှင့် ကသာမြို့နယ်များတွင် စစ်အုပ်စုတပ်၏ ရေကြောင်းစစ်ကြောင်း လုံခြုံရေးယူပေးသည့် လေကြောင်း ဗုံးကြဲမှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကလေးငယ်များ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူများ ထပ်မံ သေဆုံးခဲ့ရသည်။

မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ လက်နက်၊ ခဲယမ်းနှင့် ရိက္ခာ တင်ဆောင်လာသော သင်္ဘော ၁၄ စီးပါ စစ်ကြောင်းသည် ဩဂုတ်လ ၂၅ ရက် ညနေပိုင်းတွင် ကသာမြို့သို့ ရောက်ရှိလာခဲ့ပြီး၊ အဆိုပါ သင်္ဘောများ၏ ဘေးကင်းရေးအတွက် လိုက်ပါလာသည့် စစ်အုပ်စု လေကြောင်းနှင့် မြို့အတွင်းရှိ တပ်ရင်းများက အနီးဝန်းကျင် ကျေးရွာများကို ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဩဂုတ်လ ၂၃ ရက်နှင့် ၂၄ ရက်များတွင် ရွှေကူမြို့အနီး ဧရာဝတီမြစ်တစ်ဘက်ကမ်းရှိ ကျွန်းတော်ကျေးရွာ အတွင်းသို့ စစ်အုပ်စုတပ်၏ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့၍ ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၄ ဦး သေဆုံးခဲ့သည်။

ရွှေကူမြို့ခံတစ်ဦးက စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲနေတော့ နေ့တိုင်းပဲနော်။ ၂၃၊ ၂၄၊ ၂၅ ဆက်တိုက်ကို ကြဲ တာ။ တိုက်ပွဲကလည်း မနေ့ကရော ဒီနေ့ရော ဆက်တိုက်ဖြစ်တယ်။ တိုက်ပွဲက မြို့နားပိုနီးနီးလာတော့ အသံ တွေ ပိုကျယ်လာတယ်။ အသံစုံပဲ ကြားနေရတာ။ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတော့ ရွာတွေထဲ ကျပြီး အပြစ်မဲ့တဲ့ ကလေးတွေပါ သေကုန်ကြရတာ ဟု ပြောသည်။

ထို့ပြင် ကသာနယ်အတွင်း သင်္ဘောများ ဆိုက်ကပ်စဉ် ကသာနှင့် ထီးချိုင့်အစပ်ရှိ ကလုံကျေးရွာအပြင် ဝက်လက် မြို့နယ် ကမ်းဖြူကျေးရွာများကိုလည်း စစ်အုပ်စု လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ 

ကသာ – ရွှေကူနယ်မြေခံတစ်ဦးက စစ်တပ်သင်္ဘောတွေ ထွက်လာကတည်းက လေယာဉ်နဲ့ တောက်လျှောက် ဗုံးကြဲတာ။ စေတီပုထိုး၊ ဓမ္မာရုံ ဘာမှလည်း မရှောင်ဘူး၊ မဲမဲမြင်ရာ အကုန်လိုက်ကြဲနေတာ။ မနေ့ညနေကဆို ကသာမှာ သင်္ဘောတွေ ကပ်ထားတော့ တစ်ခွင်လုံး လေယာဉ်သံတွေ၊ ဗုံးသံတွေနဲ့ ဆူညံနေတာပဲ။ စီသော်ရွာက ဓမ္မာရုံဆိုရင်လည်း လေယာဉ်နဲ့ ပစ်သွားလို့ လုံးဝ ပျက်စီးသွားပြီ ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပလောင်တောင်-တော်လှန်ရွာ လမ်းကြောင်းတွင် သွားလာနေသည့် မော်တော်ယာဉ် တစ်စီးကို စစ်တပ်က ပစ်ခတ်ခဲ့သဖြင့် ကားဆရာတစ်ဦး သေဆုံးခဲ့သေးသည်။

ကသာဒေသခံ တော်လှန်ရေး ရဲဘော်တစ်ဦးက စစ်တပ်က လက်နက်နဲ့ ရိက္ခာတွေ တင်လာတဲ့ သင်္ဘောတွေ ကသာဆိပ်ကမ်းမှာ ကပ်တုန်း လုံခြုံရေးအတွက်ဆိုပြီး မြစ်ကမ်းဘေးရွာတွေကို လေယာဉ်နဲ့ တောက်လျှောက် ဗုံးကြဲတာ။ အဲ့ဒီမှာ ထိပြီဆိုရင် စစ်ရေးနဲ့ မဆိုင်တဲ့ အရပ်သားတွေပဲ ထိတာဗျ ဟု ပြောသည်။

လက်ရှိတွင် ရွှေကူမြို့အတွင်း၌ စစ်အုပ်စုတပ်က စစ်သင်္ဘောများ လုံခြုံရေးအတွက် လူ၊ ကားနှင့် ရေမော်တော် များအား အတင်းအဓမ္မ ချောဆွဲနေသလို၊ တိုက်ပွဲ အရှိန်ကြောင့် မြို့ခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြ ရသဖြင့် မြို့တွင်း၌ လူသူကင်းမဲ့နေချိန် အခွင့်ကောင်းယူကာ ဓားထောက် လုယက်မှုများပါ ဖြစ်ပွားလျက်ရှိသည်။

ရွှေကူမြို့နယ်အတွင်း ဇွန်လ ၁၁ ရက်မှစ၍ ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် စစ်အုပ်စုတပ်၏ လေကြောင်း၊ လက် နက်ကြီး ပစ်ခတ်မှုများကြောင့် လက်ရှိအချိန်အထိ အပြစ်မဲ့ အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဖြစ် သည်။ 

အခြေအနေများ ပိုမို ဆိုးရွားလာနိုင်သဖြင့် ဧရာဝတီမြစ်ကမ်းဘေး နေထိုင်ကြသည့် ပြည်သူများအနေဖြင့် လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ်မှ ဘေးကင်းစေရန် အမြန်ဆုံး ရှောင်ရှားပေးကြရန် ဒေသတွင်း ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များက သတိပေး ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – Crd