လျှပ်စစ်ဓာတ်အား ခွဲတမ်းစနစ်ဖြင့် ပေးဝေမည်ဟု အီရန် ကြေညာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်။
အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် စွမ်းအင်အခြေခံ အဆောက်အအုံများ ပျက်စီးခဲ့ပြီးနောက် အီရန်နိုင်ငံသည် နိုဝင်ဘာလ ၂၂ ရက် တနင်္ဂနွေနေ့မှစတင်၍ လျှပ်စစ်ဓာတ်အားကို အလှည့်ကျ ခွဲတမ်းစနစ်ဖြင့် စတင်ဖြန့်ဖြူးပေးလျက် ရှိသည်။
လောင်စာဆီ ရရှိမှု အခြေအနေအပေါ် မူတည်၍ ဒေသအလိုက် တစ်နေ့လျှင် နှစ်နာရီအထိ လျှပ်စစ်မီး ဖြတ်တောက်သွားမည်ဖြစ်ကြောင်း အီရန် အမျိုးသားလျှပ်စစ်ဓာတ်အားပေးရေး ကုမ္ပဏီ အကြီးအကဲက နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သည်။
သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်ကလည်း နိုင်ငံ၏ သဘာဝဓာတ်ငွေ့ လုပ်ငန်းများ တိုက်ခိုက်ခံခဲ့ရသဖြင့် လာမည့် ဆောင်းရာသီတွင် စွမ်းအင်အခက်အခဲများ ပိုမိုကြုံတွေ့ရနိုင်ကြောင်း သတိပေးထားသည်။ အီရန်နိုင်ငံသည် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ အများဆုံး ပိုင်ဆိုင်သည့် နိုင်ငံတစ်ခု ဖြစ်သော်လည်း အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများနှင့် ဓာတ်အားလိုင်း ဟောင်းနွမ်းမှုများကြောင့် ပြည်တွင်းစွမ်းအင် လိုအပ်ချက်ကို ပြည့်မီအောင် ပေးဝေနိုင်ခြင်း မရှိပေ။
ထို့အပြင် အီရန်အာဏာပိုင်များသည် ပြည်နယ် သုံးခုတွင် အစိုးရထောက်ပံ့ကြေးပေးထားသည့် ပေါင်မုန့် ဝယ်ယူခွင့်ကိုပါ ခွဲတမ်းစနစ်ဖြင့် ကန့်သတ်လိုက်ပြီး လစဉ်ခွဲတမ်း ကျော်လွန်ပါက ငါးဆကျော် ပိုမိုပေးချေဝယ်ယူရမည့် အစီအစဉ်ကို ကြိုတင်အသိပေးခြင်း မရှိဘဲ စတင်ခဲ့သည့်အတွက် ပြည်တွင်း၌ ဝေဖန်မှုများ ထွက်ပေါ်နေသည်။
တစ်ဖက်တွင်မူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နောက်တက်လာမည့် သမ္မတများ ပြန်လည်ဖျက်သိမ်း၍ မရနိုင်မည့် အမြဲတမ်း သဘောတူညီချက်တစ်ခုကို အီရန်နှင့် ရယူလိုကြောင်း နိုဝင်ဘာလ ၂၁ ရက်နေ့က Fox News နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် ဆွေးနွေးပွဲများ တိုးတက်မှု မရှိသေးသဖြင့် အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် တိုက်ခိုက်မှုအသစ်များ ထပ်မံပြုလုပ်ရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ထရမ့်ကမူ နှစ်သစ်ကူးပြီးမှသာ အခြေအနေကို သုံးသပ်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အစ္စရေးသတင်းဌာနသို့ ပြောကြားထားသည်။