ရခိုင်ရှိ ပေါက်တောမြို့နယ်ကို စစ်အုပ်စုတပ် ၂ ရက်ဆက် ဗုံးကြဲ၍ မွေးကင်းစ ကလေးငယ်အပါအဝင် ပြည်သူ ၄ ဦးသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်။
ရခိုင်ပြည်နယ်၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်ရှိ နန်းတက်ကျွန်းနှင့် သဝင်ချောင်းကျေးရွာတို့ကို စစ်အုပ်စုတပ်က ၂ ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ၅ လသားအရွယ် ကလေးငယ်တစ်ဦး အပါ အဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။
နိုဝင်ဘာလ ၂၂ ရက်နေ့၊ နံနက် ၈ နာရီခွဲခန့်တွင် နန်းတက်ကျွန်းကျေးရွာနှင့် ဘုန်းတော်ကြီးကျောင်းတို့ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ၅ လသားအရွယ် မောင်ရန်နိုင်စိုး၊ အသက် ၁၆ နှစ်အရွယ် မသက်သက်ဝင်း၊ အသက် ၂၀ အရွယ် မောင်ကျော်မင်းဌေးနှင့် အသက် ၄၃ နှစ်အရွယ် ဒေါ်နုချေတို့ သေဆုံးခဲ့သည်။
ထို့ပြင် ယင်းတိုက်ခိုက်မှုအတွင်း နန်းတက်ကျွန်းကျေးရွာမှ အသက် ၁ နှစ်အရွယ် မပိုးနွယ်ချေ၊ အသက် ၅ နှစ် အရွယ် မစိုးနွယ်ဦး၊ အသက် ၇ နှစ်အရွယ် မရွှေခိုင်ဦး၊ အသက် ၉ နှစ်အရွယ် မမျိုးချစ်နွယ်၊ အသက် ၁၂ နှစ် အရွယ် မောင်ခင်ဦး၊ အသက် ၂၄ နှစ်အရွယ် မောင်စိုးစိုး၊ အသက် ၃၈ နှစ်အရွယ် ဒေါ်ချိုချိုသန်း၊ အသက် ၄၀ အရွယ် ဦးမောင်ဇံနှင့် အသက် ၇၅ နှစ်အရွယ် ဒေါ်စိန်စုခိုင်တို့ ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ပရဟိတလုပ်ဆောင်ပေးနေသည့် ဒေသခံ အမျိုးသားတစ်ဦးက “စစ်တွေမှာ တိုက်ပွဲပြင်းထန်နေတဲ့ အချိန်၊ ဝီရဌာနီ (ပေါက်တော)မြို့ အပိုင် ငပြိကျွန်းမှာလည်း စစ်တပ်ပိတ်မိနေပြီး တိုက်ပွဲပြင်းနေတဲ့ အချိန် ဝီရဌာနီ (ပေါက်တော)မြို့နယ်က နန်းတက်ကျွန်းနဲ့ သဝင်ချောင်းရွာကို ကြဲတာ။ ၂ရက် ဆက်ကြဲတာ။ နန်းတက်ကျွန်းမှာ လသား အရွယ်ကလေးနဲ့ ခုနှစ်အရွယ်ကလေးတွေ ပါသေးတယ်။ သဝင်ချောင်းမှာ လေးယောက် ဒဏ်ရာ ရတယ်။ နန်းတက်ကျွန်းမှာ စျေးဝယ်တာတွေနဲ့ ဆိုတော့ လူတွေစုဝေးနေတုန်း အချိန် ကြဲတယ်။ သဝင်ချောင်း ကို ညသန်းခေါင်ကြဲတယ်” ဟု ပြောသည်။
အလားတူ နိုဝင်ဘာလ ၂၁ ရက်နေ့၊ နံနက် ၁ နာရီအချိန်ခန့်ကလည်း ပေါက်တောမြို့နယ်၊ သဝင်ချောင်းကျေးရွာ ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၀ ကျော် ပျက်စီးသွားခဲ့သည်။
အခြား ဒေသခံတစ်ဦးကလည်း “ လက်ကျန်မြို့တွေ သိမ်းမယ်လို့ ကြေညာပြီးတဲ့နောက် စစ်တွေ တဝိုက်ကို ပိုတိုက်ခိုက်လာတာပါ။ ဒေသခံတွေကတော့ တော်တော်ခံနေရပါတယ်။ ပေါက်တောက ငပြီကျွန်းနား နီးတော့ စစ်ကူပေးနိုင်လို့ ပိုကြဲတာ” ဟု ပြောသည်။
စစ်အုပ်စုတပ်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း ပေါက်တောမြို့နယ်၊ အနောက်ရဲ မွတ်ဆလင် ဒုက္ခသည်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် နိုဝင်ဘာလ ၁၃ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းကို ဗုံးကြဲခဲ့ရာ စစ်ရှောင် ၁၂ ဦး သေဆုံးပြီး ၁၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
ရခိုင်ပြည်အတွင်း စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလ ၁၄ ရက်အထိ အရပ်သား သေဆုံးသူ ၂၂၃ ဦးနှင့် ဒဏ်ရာရရှိသူ ၄၃၈ ဦးအထိ ရှိလာခဲ့ပြီး စစ်ဘေးရှောင်စခန်းများ၊ စာသင်ကျောင်းများ၊ ဈေးများနှင့် အရပ်သား နေထိုင်ရာ ကျေးရွာများကို ဆက်တိုက် ပစ်မှတ်ထား တိုက်ခိုက် လျက် ရှိသည်။
ပုံစာ – ပေါက်တောမြို့နယ်၊ နန်းတက်ကျွန်းကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှု အခြေအနေများ တွေ့ရစဉ်။ / (ဓါတ်ပုံ Crd – AA Info Desk)