လမ်းပိတ်ခြင်းကြောင့် စစ်ကိုင်း-ကချင်အစပ် စားသောက်ကုန်ဈေးနှုန်းများ အဆမတန်တက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်။

စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ကချင်ပြည်အစပ် ဒေသများသို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေး လမ်း ကြောင်းများ ပိတ်ဆို့နေခြင်းကြောင့် ကောလင်း၊ ဝန်းသိုနှင့် အင်းတော်မြို့နယ်တို့တွင် အခြေခံ စားသောက်ကုန် ဈေးနှုန်းများ အဆမတန် မြင့်တက်လျက်ရှိသည်။

ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ မန္တလေး – သပိတ်ကျင်း – တကောင်း – ထီးချိုင့် – ကသာ – နဘား – မော်လူး လမ်းပိုင်းသာမက အနောက်ဘက်ခြမ်းရှိ မန္တလေး – ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းမကြီးပါ ပိတ်ဆို့နေသဖြင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်လုနီးပါး ဖြစ်နေခြင်း ဖြစ်သည်။

ဝန်းသိုဒေသခံတစ်ဦးက “အဓိကကတော့ လမ်းပိတ်တာကြောင့်မလို့ပါ။ လမ်းပိတ်တာကလည်း တစ်လနီးပါး ရှိလာပြီဆိုတော့ ကုန်လက်ကျန် မကျန်တော့ တာရယ်။ ကြက်သွန်ဖြူ၊ အနီတွေကတော့ အောက်ပိုင်းမှာကိုက ဈေးတက်နေတာလေ” ဟု ပြောသည်။

တိုက်ပွဲများကြောင့် လမ်းပိတ်ဆို့မှုမှာ တစ်လကျော် ကြာမြင့်လာပြီဖြစ်ရာ အင်းတော်မြို့နယ်အတွင်း လမ်းကြောင်းများမှာ အဖွင့်အပိတ် မကြာခဏ ဖြစ်ပေါ်လျှက်ရှိသည်။

ထိုသို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ကောလင်းနှင့် ဝန်းသိုဒေသများတွင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၃၀,၀၀၀၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ် ၃၅,၀၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၂၅,၀၀၀၊ ကွမ်းရွက် တစ်ပိဿာလျှင် ကျပ် ၄၅,၀၀၀၊ စားဆီ ၁၀ ပိဿာတစ်ပုံးလျှင် ကျပ် ၂၇၀,၀၀၀ နှင့် ကြက်ဥ တစ်လုံး လျှင် ကျပ် ၁,၂၀၀ အထိ မြင့်တက်နေသည်။

ကောလင်း – ဝန်းသိုဒေသခံတစ်ဦးက “ကုန်ဈေးနှုန်းကို တော်တော်တက်နေပြီ။ ကြက်သွန်နီ တစ်ပိဿာတောင် သုံးသောင်း၊ ကြက်ဥတစ်လုံးကို ၁,၂၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာကို ၂ သောင်းခွဲ အဲဒီလိုကို ဖြစ်နေပြီ။ ကျနော် တို့က ကုန်ပစ္စည်းဝယ်တာက ကောလင်းဈေးသည်တွေ အများကြီး ရှိတဲ့ တောင်မှော်ရွာ လမ်းဘေးဈေးကနေပဲ ဝယ်ကြတာ။ အဲဒီမှာကို ကုန်ဈေးနှုန်းက အဲဒီလိုဖြစ်နေတာ” ဟု ဆိုသည်။

ကုန်လက်ကျန်များ ပြတ်လပ်နေသဖြင့် ဆိုင်ကယ်ဖြင့် သယ်ယူနိုင်သည့် ခရမ်းချဉ်သီးနှင့် ကွမ်းရွက်ကဲ့သို့ ပစ္စည်း အနည်းငယ်သာ ဝင်ရောက်နိုင်တော့ကာ ကုန်စုံဆိုင်များတွင် အရက်နှင့် ဘီယာများပင် ဝယ်ယူ၍ မရတော့ပေ။

အဆိုပါ ဒေသခံက “ဈေးကလည်း တက်နေတာ။ ဝယ်တဲ့သူလည်း အဲဒီလောက် မရှိပါဘူး။ အရောင်းလည်း ပါးတယ်။ မဝယ်နိုင်ကြတော့ဘူးလေ။ လျှော့ဝယ်ကြတော့တာ လိုသလောက်လေးပေါ့” ဟု ဆက်ပြောသည်။

သို့သော် ဒေသတွင်း ထွက်ရှိသည့် ဆန်ဈေးနှုန်းမှာ ပြောင်းလဲမှုမရှိဘဲ ပုံမှန်အတိုင်း ရှိနေသကဲ့သို့ စက်သုံးဆီ ဈေးနှုန်းမှာလည်း လမ်းမပိတ်မီက ကျပ် ၃၅,၀၀၀ ဝန်းကျင်မှ လက်ရှိတွင် ကျပ် ၄၀,၀၀၀ ခန့်သာ ရှိသေးပြီး ပြတ်လပ်မှု မရှိသေးပေ။

အလားတူ အင်းတော်မြို့နယ် တောင်ဘက်ခြမ်းရှိ မဲဇာကျေးရွာဈေးတွင်လည်း ကြက်ဥ တစ်လုံးလျှင် ကျပ် ၈၀၀၊ ကြက်သွန် တစ်ပိဿာလျှင် ကျပ် ၂၅,၀၀၀၊ ဟင်းချိုမှုန့်နှင့် ဂျင်း တစ်ပိဿာလျှင် ကျပ် ၁၆,၀၀၀ စီနှင့် ဆား တစ်ပိဿာလျှင် ကျပ် ၃,၀၀၀ အထိ မြင့်တက်နေသည်။

၂၀၂၅ ခုနှစ်မှစ၍ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားခဲ့သည့် အင်းတော်နှင့် မော်လူးလမ်းပိုင်းကို ၂၀၂၆ ခုနှစ် ဧပြီလကုန်ပိုင်းတွင် စစ်အုပ်စုတပ်များ ပြန်လည်ဝင်ရောက်လာပြီးနောက် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလာခဲ့ သည်။

အောက်တိုဘာလဆန်းပိုင်းမှ စတင်ခဲ့သည့် စစ်ကြောင်းထိုးမှုများနှင့် နိုဝင်ဘာလဆန်းပိုင်း မော်လူးမြို့တိုက်ပွဲများ ကြောင့် မန္တလေး – မြစ်ကြီးနား လမ်းပိုင်းပေါ်တွင် ကုန်တင်ကားများ ပိတ်မိနေပြီး ဒေသတွင်း ကုန်ဈေးနှုန်း အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့သည်။

ပုံစာ – စစ်ကိုင်း-ကချင်အစပ်ဒေသ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုမြင်ကွင်းတစ်ခု။ / (ဓါတ်ပုံ Crd – Original uploader)