ကချင်နှင့် စစ်ကိုင်းအစပ် လမ်းပိုင်းတချို့ ယာယီပြန်ဖွင့်၊ ကားထောင်ချီ ခရီးဆက်နိုင်ပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်။
တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများကြောင့် ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့သည့် ကချင်ပြည်နှင့် စစ်ကိုင်း တိုင်း အစပ်ရှိ အရေးပါသော လမ်းပိုင်းအချို့ကို သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များက မေလ ၂၇ ရက် နေ့တွင် ယာယီပြန်လည်ဖွင့်လှစ်ပေးလိုက်ကြောင်း ဒေသခံများနှင့် တာဝန်ရှိသူများက ပြောသည်။
ကျောင်းဖွင့်ရာသီ နီးကပ်လာပြီဖြစ်ရာ ဒေသခံမိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံ ရေး အတွက် သွားလာမှုအဆင်ပြေစေရန် ရည်ရွယ်၍ ကာမိုင်း-ဖားကန့် လမ်းပိုင်းကို ယာယီပြန်ဖွင့်ပေးခြင်းဖြစ် ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) က သတင်းထုတ်ပြန်သည်။
စစ်အုပ်စု၏ စစ်ရေးလှုပ်ရှားမှုများနှင့် တိုက်ပွဲအခြေအနေများကြောင့် အဆိုပါ ကာမိုင်း-ဖားကန့်လမ်းကို ပြီးခဲ့ သည့် ဧပြီလ ၂၂ ရက်နေ့ကတည်းက ရက်အကန့်အသတ်မရှိ ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး၊ တစ်လကျော်အကြာတွင်မှ ယခုကဲ့သို့ ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ လမ်းပိုင်းယာယီပြန်ပွင့်လာခြင်းနှင့် ပတ်သက်၍ KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက “အဲဒီကိစ္စကတော့ ရှေ့တန်းက တပ်မှူးတွေရဲ့ လှုပ်ရှားမှု တစ်ခုပါပဲ။ ကျနော်တို့ ဗဟိုကော်မတီက နေ သတ်မှတ် တာ မဟုတ်ပါဘူး။ စစ်ရေး အခြေအနေကို ကြည့်ပြီးမှ ပိတ်တာတွေ ပြန်ဖွင့်တာတွေ သူတို့ရှေ့တန်းက စစ်မှူးတွေရဲ့ တာဝန်ဖြစ်ပါတယ်။ သူတို့ လှုပ်ရှားမှု တစ်ခုပဲ ဖြစ်မှာပါ” ဟု ပြောသည်။
ယခု ယာယီဖွင့်လှစ်ပေးမှုကို မည်မျှအထိ ခွင့်ပြုပေးမည်ကို တိတိကျကျ မသိရသေးသော်လည်း လမ်းပြန်ပိတ် မည့် အခြေအနေရှိပါက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၉) က ကြိုတင်ညွှန်ကြားလာလိမ့် မည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူပင် တိုက်ပွဲများကြောင့် ရက်အတန်ကြာ ပိတ်မိနေခဲ့သည့် မန္တလေး – မြစ်ကြီးနား ဗျူဟာလမ်းမကြီး ပေါ်ရှိ လမ်းပိုင်းအချို့ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က မေလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၊ မော်လူးမြို့၊ မော်ဟဲရွာအနီးနှင့် အင်းတော်-ကသာ လမ်းပိုင်းရှိ ကျေးရွာများတွင် စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်းကြောင့် နန့်စီးအောင်-မော်လူး-နဘား-အင်းတော် လမ်းပိုင်းနှင့် ထီးချိုင့်-ကသာ လမ်းပိုင်းတို့ကို အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင် ကွပ်ကဲရေးရုံး က မေလ ၂၁ ရက်နေ့တွင် ယာယီပိတ်ဆို့ကြောင်း ကြေညာခဲ့သည်။
ထိုသို့ လမ်းပိုင်းများ ပိတ်ဆို့မှုကြောင့် မန္တလေးဘက်မှ တက်လာသည့် ခရီးသည်တင် မော်တော်ယာဉ်များနှင့် ကုန်တင်ကား အစီးရေ ထောင်ချီကာ ကသာမြို့အတွင်း ရက်ရှည်ပိတ်မိနေခဲ့ရခြင်း ဖြစ်သည်။
ခရီးသွားတစ်ဦးက “ဒီတခါသွားတာ တော်တော်ကြာတယ်။ ကျနော်တို့ လမ်းမှာ တစ်ပတ်လောက် ကြာခဲ့တယ်။ လမ်းတွေကလည်းပိတ်၊ ဖုန်းတွေကလည်း ဆက်မရ တော်တော်လေး ဒုက္ခရောက်တယ်။ လေယာဉ်ရော ဗုံးရော အသံတွေကလည်း အစုံပဲ။ တိုက်ပွဲက ကသာအထက်ဘက်မှာ ဖြစ်နေတာပါ။ အခုတော့ မြစ်ကြီးနားကို ပြန် ရောက်ပါပြီ” ဟု ပြောသည်။
လက်ရှိ လမ်းပြန်ပွင့်သွားသည့် မန္တလေး-မြစ်ကြီးနား လမ်းပိုင်းသည် စစ်ရေးအရ အလွန်အချက်အချာကျသည့် နယ်မြေဖြစ်ပြီး၊ ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် အင်းတော်မြို့၊ နဘားလမ်းဆုံနှင့် ကသာ-အင်းတော် လမ်းပိုင်းတို့ ကို စစ်တပ်က ပြန်လည်ဝင်ရောက် နေရာယူခဲ့သလို၊ မေလ ၅ ရက်နေ့တွင်လည်း တော်လှန်ရေးတပ်များ ထိန်းချုပ် ထားသည့် မော်လူးမြို့ကို စစ်တပ်ဘက်က ပြန်လည်စီးနင်းခဲ့သည်။
စစ်တပ်က ပြန်လည်ထိုးစစ်ဆင်လာပြီးနောက်ပိုင်း ထိုဒေသများတွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လာကာ ဒေသခံပြည်သူ ထောင်နှင့်ချီ၍ စစ်ဘေးတိမ်းရှောင်နေရသည့်အပြင်၊ အဓိက ကုန်စည်စီးဆင်းရာ လမ်းကြောင်း များလည်း မကြာခဏ ပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။