ကချင်ပြည်နယ် ရွှေကူ-ငအိုး လမ်းမကြီးသုံးသူကို ဒလန် အဖြစ် သတ်မှတ်မည်ဟု KIO/KIA သတိပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၇ ရက်။
ကချင်ပြည်၊ ရွှေကူခရိုင်အတွင်းရှိ စစ်ရေးအရ အရေးပါသည့် ရွှေကူ-ငအိုး လမ်းမကြီးကို သွားလာခွင့် ပိတ်ပင် လိုက်ပြီး ယင်းလမ်းပိုင်းကို ဆက်လက်အသုံးပြုပါက စစ်အုပ်စု၏ ဒလန်အဖြစ် သတ်မှတ်သွားမည်ဟု ကချင် လွတ်လပ်ရေးတပ်မတော် (KIO/KIA) က ထပ်မံသတိပေး ထုတ်ပြန်လိုက်သည်။
ယခုသတိပေးချက်ကို KIO/KIA အမှတ် (၁၁) တပ်မဟာ၊ အမှတ် (၁၂) တပ်ရင်းက အောက်တိုဘာလ ၅ ရက်စွဲ ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ရွှေကူခရိုင်အတွင်း နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ပိတ်ပင်ထားသော ရွှေကူ-ငအိုး လမ်းမကြီးကို အသုံး မပြုကြရန်နှင့် ရွှေကူနှင့် ငအိုးဘက်သို့ သွားလာပါက KIO/KIA ဘက်က သတ်မှတ်ပေးထားသည့် အခြားလမ်း ကြောင်းများကိုသာ အသုံးပြုကြရန် ဖော်ပြထားသည်။
ထုတ်ပြန်ချက်၏ ပတ်သက်၍ ရွှေကူ မြေပြင်ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက “ထုတ်ပြန်ချက်အရတော့ ဒီလမ်းကို KIO/KIA က တရားဝင် ပိတ်ထားတာပဲ။ အဲဒီတော့ ဒီနေရာမှာ သွားလာတယ်ဆိုရင် အချိန်မရွေး ရန်သူ့နယ်မြေ ဖြစ်တဲ့အတွက်ကြောင့် အချိန်မရွေး ထိတွေ့တိုက်ပွဲလည်း ဖြစ်နိုင်သလို ရန်သူ့မိတ်ဆွေ ကွဲကွဲ ပြားပြား သိအောင်လို့ ထုတ်ပြန်တဲ့ သဘောဖြစ်ပါတယ်” ဟု ပြောသည်။
ထို့ပြင် ပိတ်ပင်ထားသည့် လမ်းပိုင်းကို ဆက်လက်အသုံးပြု သွားလာပါက စစ်အုပ်စု၏ သတင်းပေး၊ သတင်းယူ သူ ဒလန်အဖြစ် သတ်မှတ်သွားမည်ဖြစ်ပြီး ယင်းသို့ သွားလာမှုကြောင့် နောက်ဆက်တွဲ ဖြစ်လာသည့် ပြဿနာ များကို KIO/KIA ဘက်က လုံးဝတာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ဟုလည်း သတိပေးထားသည်။
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရွှေကူ-ငအိုး လမ်းမကြီးသည် ငအိုးမှတစ်ဆင့် ရွှေကူ၊ ထိုမှတစ်ဆင့် ဗန်းမော်ဘက်သို့ ဆက်သွားနိုင်သည့် အဓိက လမ်းကြောင်းဖြစ်သောကြောင့် နှစ်ဖက်တပ်များအတွက် စစ်ရေး အရ ဗျူဟာမြောက်သည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။
အခြား ကာကွယ်ရေးတပ်ဖွဲ့ဝင်ကလည်း “ဒီလမ်းပိုင်းကလည်း စစ်ကောင်စီက စိုးမိုးထားတာ။ လမ်းပိုင်းရော နယ်မြေပါ စိုးမိုးဖို့အတွက် နှစ်ဖက်တပ်တွေက ကြိုးစားနေကြတာပါ။ ဒီလမ်းက ငအိုး-ရွှေကူ-ဗန်းမော် ဆိုတော့ နှစ်ဖက်လုံးအတွက် အရေးကြီးတယ်။ ဒါကြောင့်လည်း ဇွန်ကတည်းကနေ တိုက်ပွဲတွေက ဖြစ်နေတာ” ဟု ဆက်ပြောသည်။
ပြီးခဲ့သည့် ဇွန်လအစပိုင်းမှစ၍ စစ်အုပ်စုတပ်က ထီးချိုင့်-ငအိုးဘက်မှ စစ်ကြောင်း ၃ ကြောင်းခွဲကာ အင်အား အများအပြားဖြင့် ရွှေကူဘက်သို့ ထိုးစစ်ဆင်လာသဖြင့် ရွှေကူ-ငအိုး လမ်းကြောင်းတစ်လျှောက် နှစ်ဖက် တပ်များအကြား တိုက်ပွဲများ နေ့စဉ်နီးပါး ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
KIO/KIA တပ်ရင်း ၁၂ သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ကလည်း ရွှေကူမြို့အဝင် လမ်းမကြီးနှင့် ငအိုး-ရွှေကူ လမ်းမကြီးတို့ကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ခဲ့သည့်အပြင် ရွှေကူမြို့အတွင်းရှိ ပြည်သူများကို မြို့မှ ထွက်ခွာကြရန် ပထမအကြိမ် သတိပေး ထုတ်ပြန်ခဲ့ဖူးသည်။
လက်ရှိရက်ပိုင်းအတွင်း အဆိုပါ လမ်းပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားသည့် အခြေအနေ မတွေ့ရသေးသော်လည်း စစ်အုပ်စုတပ်၏ မြေပြင်ထိုးစစ်နှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ရှိနေသဖြင့် မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်လာနိုင်သည့် စစ်ရေးအခြေအနေကြောင့် ယခုကဲ့သို့ ဒုတိယအကြိမ် ထပ်မံထုတ်ပြန်လာခြင်း ဖြစ်သည်။
ဓါတ်ပုံ – Reuters