ကချင်တွင် မဲစာရင်းမှားယွင်းမှုနှင့် တင်းမာမှုများကြောင့် မဲပေးသူ နည်းပါး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။
စစ်ရေးတင်းမာမှုကြား ကချင်တွင် ဟန်ပြမဲရုံများဖွင့်ထားပြီး မဲစာရင်းမှားယွင်းမှုနှင့် ခြိမ်းခြောက်မှုများကြောင့် ပြည်သူများစိုးရိမ်နေကြသည်။
ကချင်ပြည် အတွင်းရှိ မြို့နယ်အချို့ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားချိန်တွင် စစ်ကော်မရှင်သည် မြစ်ကြီးနားနှင့် ပူတာအိုကဲ့သို့သော မြို့ပေါ်ရပ်ကွက်အချို့၌သာ ရွေးကောက်ပွဲကို အတင်းအကျပ် ကျင်းပနေသည်ဟု မြို့ခံများက ပြောသည်။
သို့သော် မဲစာရင်းမှားယွင်းမှုများနှင့် စစ်ရေးတင်းမာမှုများကြောင့် မဲရုံများတွင် လူသူကင်းမဲ့ နေကြောင်း မြို့ခံများက ပြောသည်။
ယနေ့ (ဒီဇင်ဘာ ၂၈ ရက်) ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း (၁) တွင် ကချင်ပြည်နယ်မှ မြစ်ကြီးနား၊ တနိုင်း၊ ခေါင်လန်ဖူး၊ နောင်မွန်၊ ပူတာအိုနှင့် မိုးညှင်းမြို့နယ်တို့ ပါဝင်သည်။
သို့သော် ရွေးကောက်ပွဲမတိုင်မီ တစ်ရက်အလိုအထိ ဒေသခံအများစုမှာ သတင်းအချက်အလက် ရရှိမှုအားနည်း နေပြီး ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များကိုပင် မသိရှိကြကြောင်း မြစ်ကြီးနားမြို့ခံများက ဆိုသည်။
မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်နေ ပြည်သူတစ်ဦးက “မနက်ဖြန်လုပ်မှန်းတောင် မသိဘူး။ ရပ်ကွက်၊ အိမ်မှာလည်း ဘယ်သူမှ ဘာမှ လာမပြောကြဘူး။ ဘယ်မှာ သွားထည့်ရမှန်းလည်း မသိဘူး” ဟု မြေပြင် အခြေအနေကို ပြောသည်။
ထို့အပြင် မဲစာရင်းများတွင် နာမည်စာရင်းမပါဝင်သူများ ရှိနေသည့်အပြင် သေဆုံးပြီးသူများ၏ နာမည်များ ပါဝင်နေခြင်းကြောင့် မဲစာရင်းသွားရောက်ကြည့်ရှုသူများအကြား ဝေဖန်မှုများ ထွက်ပေါ်နေသည်။
အလားတူ ပူတာအိုမြို့နယ်တွင်လည်း အုပ်ချုပ်ရေးအဖွဲ့များက အိမ်ထောင်စုစာရင်းများ လိုက်လံကောက်ယူကာ ဓာတ်ပုံရိုက်ယူမှုများ ပြုလုပ်ခဲ့သဖြင့် ဒေသခံများမှာ ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြသည်။
ပူတာအိုဒေသခံတစ်ဦးက “ဒီအိမ်ထောင်စုစာရင်းက စစ်တပ်ကလူတွေဆီမှာ ရှိတယ်။ ဆိုတော့ မဲသွားမထည့်ရင် သိမှာစိုးရိမ်တယ်။ အဲ့ဒါကြောက်တယ်လေနော်။ စိုးရိမ်လို့ မဲထည့်တဲ့ဘက်ပဲ ဖြစ်မှာ” ဟု ပြောသည်။
စစ်ကော်မရှင်သည် မြစ်ကြီးနားမြို့ပေါ်ရှိ သီတာ၊ မင်းရပ်နှင့် အောင်နန်းရိပ်သာရပ်ကွက်များတွင် မဲရုံများ ပြင်ဆင်ကာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးတို့က ကွင်းဆင်းစစ်ဆေး မှုများ ပြုလုပ်ခဲ့သော်လည်း၊ ဖားကန့်၊ ဝိုင်းမော်နှင့် ကျန်မြို့နယ်အများစုတွင်မူ ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်ခြင်း မရှိပေ။
ယနေ့တွင်ပင် ဖားကန့်မြို့၌ ပေါက်ကွဲမှုဖြစ်ပွားကာ ဒေသခံတစ်ဦး သေဆုံးခဲ့သဖြင့် လုံခြုံရေးအခြေအနေမှာ ပိုမိုစိုးရိမ်စရာ ဖြစ်နေသည်။
ကချင်သတင်းဌာန (KNG) ၏ အယ်ဒီတာချုပ် ကိုဆမ်နော်ကလည်း ယခုရွေးကောက်ပွဲသည် ယခင်ရွေးကောက်ပွဲများနှင့် လုံးဝမတူဘဲ ပြည်သူများ သိရှိမှုပင် မရှိကြောင်း သုံးသပ်သည်။
“ဒီနေ့မှာ မဲမထည့်ကြဘူး။ မဲရုံတွေက တော်တော်လေး ခြောက်ကပ်နေတယ်။ သတ်မှတ်ထားတဲ့ မြို့နယ်တွေဆိုတာထက် မြို့ပေါ်တွေမှာပဲ လုပ်နေတယ်ဆိုတဲ့ သတင်းမျိုး ရရှိထားတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် ယခုရွေးကောက်ပွဲအပြီးတွင်လည်း စစ်တပ်နှင့် မဟာမိတ်ဖြစ်သည့် USDP ကဲ့သို့သော ပါတီများသာ အစိုးရဖြစ်လာမည်ဟု ပြည်သူများက ကြိုတင်မှတ်ချက်ပြုထားကြကြောင်းလည်း ကိုဆမ်နော်က ဆက်လက် ပြောဆိုသည်။
လက်ရှိတွင် တနိုင်းမြို့နယ်နှင့် မြစ်ကြီးနား-မြစ်ဆုံလမ်းပေါ်ရှိ အောင်မြင်သာကျေးရွာတို့တွင်လည်း စစ်ကော် မရှင်တပ်များက မဲရုံများ၌ လုံခြုံရေးယူထားသော်လည်း အနီးတစ်ဝိုက်တွင် စစ်ကြောင်းထိုးမှုများရှိနေသဖြင့် စစ်ရေးတင်းမာနေသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်ကလည်း ယခုရွေးကောက်ပွဲသည် တရားမဝင်ကြောင်း ကြိုတင် သတိပေးထားသဖြင့် ကချင်ပြည်အတွင်းရှိ စစ်ကော်မရှင်၏ ရွေးကောက်ပွဲမှာ မြေပြင်တွင် နယ်မြေစိုးမိုးမှု ကင်းမဲ့နေပြီး ကျရှုံးနေသည့် အခြေအနေသာ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
ဓါတ်ပုံ – MOI