KIA တပ်ဖွဲ့ဝင်များ ပစ်ခတ်သဖြင့် ဖားကန့်၌ အရပ်သား ၂ ဦး သေဆုံး
သတင်းနှင့် မီဒီယာကွန်ယက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်။
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့ မူးယစ်သောက်စား ကာ ရမ်းကားပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိသည့် ဖြစ်စဉ်တစ်ခု ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
ဖားကန့်မြို့နယ်၊ ဝှေလုံကျေးရွာရှိ ဝှေခါ-အင်းတော်လမ်းပေါ်မှ အစားအသောက်ဆိုင်တစ်ခုတွင် KIA တပ်ဖွဲ့ဝင် ၂ ဦး ဘီယာထိုင်သောက်နေစဉ် မူးယစ်ရမ်းကားရာမှ ဇွန်လ ၇ ရက်၊ နံနက် ၁၂ နာရီခွဲခန့်တွင် သေနတ်ဖြင့် အကြောင်းမဲ့ လိုက်လံပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်အတွင်း အဆိုပါဆိုင်၌ ရှိနေသည့် အမျိုးသမီးတစ်ဦးက ၎င်းတို့ရပ်ကွက်ရှိ ဝပ်ရှော့လုပ်ကိုင်သူ လူငယ် တစ်ဦးကို KIA တပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးကာ မူးယစ်ဆေးဝါး (WY) ရှိ၊ မရှိ မေးမြန်းရိုက်နှက်ခဲ့ကြောင်း၊ ထို့နောက် ပြန်လွှတ်ပေးပြီးကာမှ ဆိုင်ရှင်အား ပြန်ခေါ်ခိုင်း၍ ဆိုင်ထဲတွင် ထပ်မံရိုက်နှက်ခဲ့ကြောင်း ပြောသည်။
“ကျမတို့ အုပ်ကြီးက ညောင်ထောက်ဂိတ်က လူကြီးကို အကြောင်းကြားဖို့ ပြောတဲ့အချိန်မှာ ကျမတို့က ဆိုင်က နေအထွက် ကျမတို့ကို ‘သတ္တိရှိရင် သွားရဲရင် သွားကြည့်’ ဆိုပြီး သေနတ်နဲ့ လိုက်ပစ်တာ။ ကျမတို့ လင်မယား ကတော့ အသက်ဘေးက လွတ်တယ်။ ကျမ သူငယ်ချင်းတစ်ယောက်ကတော့ လက်ထိသွားတယ်ရှင့်” ဟု ၎င်းက ပြောသည်။
၎င်းက ဆက်လက်၍ “အဲဒီအခါမှာ ကျမတို့ဘက်ကို လှည့်ပစ်ပြီးတော့ ဟိုဘက်ကို ပြန်လှည့်ပစ်တဲ့အချိန်မှာ အုပ်ကြီးနဲ့ ဆိုင်ရှင်အဒေါ်က ဆုံးသွားတယ်။ အဒေါ်ကတော့ အဲဒီနေရာတင် ပွဲချင်းပြီး၊ အုပ်ကြီးကတော့ ဒဏ်ရာ ရပြီး အဲဒီမှာ လဲနေတာတော့ တွေ့တယ်၊ ကျမတို့လည်း ထွက်ပြေးကြတာ” ဟု ဆက်ပြောသည်။
အဆိုပါ ရိုက်နှက်မှုကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက လာရောက်ဖြန်ဖြေပေးပြီး ၎င်းတို့ တပ်စခန်း ရှိရာ ညောင်ထောက်ဂိတ်သို့ ပြန်ကြရန် တောင်းဆိုခဲ့သော်လည်း ငြင်းဆန်ကာ အသက် ၇၁ နှစ်အရွယ် ရပ်မိရပ်ဖ ဦးညွှန့်မောင်ကို လက်သီးဖြင့်ထိုးကာ သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
KIA တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်သူ အသက် ၃၃ နှစ်အရွယ် ကိုအိုက်နှောင်း နှင့် ဆိုင်ရှင်ဖြစ်သူ အသက် ၅၅ နှစ်အရွယ် ဒေါ်ချိုချိုဦးတို့တွင် ရင်ဘတ်နှင့် လည်ပင်းတို့၌ သေနတ်ဒဏ်ရာများ ဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။
ထို့ပြင် အသက် ၇၁ နှစ်အရွယ် ရပ်မိရပ်ဖ ဦးညွှန့်မောင်တွင် ကျောကုန်း၌ သေနတ်ဒဏ်ရာ ၂ ချက်နှင့် အသက် ၂၈ နှစ်အရွယ် ဒေသခံ မဆူရီနော်တွင် လက်မောင်းနှင့် အခြားနေရာများ၌ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးရုံ သို့ ပို့ဆောင်ထားရသည်။
ဖားကန့်ဒေသတွင်း လှုပ်ရှားနေသည့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) တပ်ဖွဲ့ဝင်တစ်ဦးက ယခု ဖြစ်စဉ်သည် မှားယွင်းပစ်ခတ်မှုမဟုတ်ဘဲ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လူသတ်မှုမြောက်သည့် လုပ်ရပ် ဖြစ်ကြောင်း ဝေဖန်သည်။
“ကျနော်တို့ဆီမှာ စစ်ဥပဒေရှိတယ်၊ အရပ်သားနဲ့ပတ်သက်ရင် မုန်းလို့တောင်မှ ထိုးကြိတ်ပြီး မထေမဲ့မြင် မလုပ် ရဘူး။ သူတို့က မူးရူးပြီးတော့ သောက်စားပြီး သောင်းကျန်းနေတာ၊ ဟိုလူ့ရိုက်လိုက် ဒီလူ့ခေါ်ရိုက်လိုက်နဲ့ လုပ်နေတာ” ဟု ၎င်း KPDF တပ်ဖွဲ့ဝင်က ဆိုသည်။
အရပ်သားပြည်သူများကို ပစ်သတ်ခဲ့သည့် KIA တပ်ဖွဲ့ဝင် ၂ ဦးအနက် တစ်ဦးမှာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အဆိုပါနေရာ၌ပင် ၎င်းကိုယ်၎င်း သေနတ်ဖြင့် ပစ်ခတ်ကာ အဆုံးစီရင်သွားကြောင်း စားသောက်ဆိုင်နှင့် နီးစပ် သူများက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူထံ သတင်းနှင့် မီဒီယာကွန်ရက် သတင်းဌာနက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။
လက်ရှိတွင် ဖားကန့်ဒေသ၌ စစ်တပ်နှင့် KIA တပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာမှုများအပြင် လက်နက်ကိုင် အချို့၏ စည်းကမ်းမဲ့လုပ်ရပ်များကြောင့် ဒေသခံပြည်သူများမှာ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက် လျက်ရှိသည်။