AA ထိန်းချုပ်နယ်မြေ၌ ဆေးဝါးဈေးနှုန်း တည်ငြိမ်ရေးအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက်။
စစ်တပ်၏ ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့မှုကြောင့် ဆေးဝါးပြတ်လပ်မှုနှင့် ဆေးဝါးအတု ပြဿနာများကို ရင်ဆိုင် နေရသည့် ရခိုင်မြို့နယ်များတွင် အာရက္ခတပ်တော် (AA) က ဆေးဝါးကဏ္ဍကို စနစ်တကျ ကိုင်တွယ်ရန် ဆေးနှင့် ဆေးဝါးပစ္စည်းဝယ်ယူရေး အိတ်ဖွင့်တင်ဒါများ ခေါ်ယူလျက်ရှိကြောင်း ဒေသခံများက ပြောသည်။
ယခုကဲ့သို့ စီစဉ်ရခြင်းမှာ ဒေသတွင်း ဆေးရုံအားလုံး၌ ဆေးဝါးဈေးနှုန်း တူညီစေရန်နှင့် အများပြည်သူ အနေဖြင့် နေရာဒေသ၊ လူမျိုးဘာသာမရွေး ဆေးဝါးများကို အချိန်မရွေး ဝယ်ယူနိုင်ရန်အတွက် ဖြစ်သည်ဟု ဆိုသည်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာန အဖွဲ့ဝင်တစ်ဦးက “အခုကျန်းမာရေး ဆေးဝါးကိစ္စတွေကို အေအေက ဂရုပြု လာပါတယ်။ အရင်လတွေက လိုင်စင်မဲ့ဆေးဆိုင်တွေ လိုက်ဖမ်းပြီး စိစစ်ခဲ့သလို အခု ဆေးဝါးတင်ဒါကိစ္စ လုပ် လာတယ်ပေါ့။ ဒါက ဆေးဝါးနဲ့ပတ်သက်ပြီး စီးပွားရေးလုပ်ချင်သူတွေအတွက် အခွင့်အရေးပါ။ ဆေးဝါးတွေ အစစ်အတုကိစ္စတွေကအစ တာဝန်ယူရမှာပါ” ဟု ပြောသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အာရက္ခဒေသရှိ ခရိုင်၊ မြို့နယ်နှင့် တိုက်နယ်ဆေးရုံများအတွက် လိုအပ်သော Arakkha FDA အသိအမှတ်ပြု ဆေးနှင့် ဆေးဝါးပစ္စည်းများကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူမည်ဖြစ်၍ တရားဝင် လိုင်စင်ရ ဆေးကုမ္ပဏီများနှင့် ဆေးဆိုင်များအနေဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းကြရန် ဖိတ်ခေါ်ထားခြင်း ဖြစ် သည်။
အိတ်ဖွင့်တင်ဒါ လျှောက်လွှာနှင့် ဆေးဝါးနမူနာပစ္စည်းများကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ အပ်နှံရမည် ဖြစ်သည်။
ယခင်က ဆေးရုံများအတွက် ဆေးဝါးဝယ်ယူဖြန့်ဖြူးရေးကို လိုအပ်ချက်အပေါ် မူတည်၍ သက်ဆိုင်ရာ ဆေးရုံ ဝန်ထမ်းများက ဝယ်ယူပြီး ပြန်လည်ရောင်းချသည့် စနစ်ကို အသုံးပြုခဲ့သော်လည်း လက်ရှိတွင် ပုဂ္ဂလိက ကဏ္ဍကို တင်ဒါစနစ်ဖြင့် ပြောင်းလဲလုပ်ကိုင်ခွင့် ပေးလာခြင်း ဖြစ်သည်။
သံတွဲဒေသခံ ဆေးအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက “အခုလို ပုဂ္ဂိုလ်တွေကို ဆေးဝါးတင်ဒါလုပ်ခွင့်ပေးတော့ အဆင်ပြေပါတယ်၊ လွတ်လွတ်လပ်လပ် လုပ်လို့ရမယ်။ အိန္ဒိယဘက်ကို ဆေးဝါးနဲ့ အားကိုးနေရတော့ အိန္ဒိယနဲ့ ကုန်အရောင်းအဝယ်တွေ ဆက်လုပ်ရမယ့် သဘောတွေ ရှိလာမယ်။ ပြည်မနဲ့ ဆက်စပ်နေတဲ့ ဆေးဝါးကိစ္စက ရပ်တန့်သွားပြီး အခြားနိုင်ငံနဲ့ အလုပ်လုပ်ရမယ့် အခြေအနေအထိ ဖြစ်လာတာပါ” ဟု ပြောသည်။
တစ်ဖက်တွင်လည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရေရှည်ဆေးကုသမှု ခံယူနေရသည့် အရပ်သားပြည်သူများမှာ နောက်ဆက်တွဲ ကူညီထောက်ပံ့မှုများ လျော့နည်းလာသဖြင့် ဆေးဝါး ကုသစရိတ် အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။
လက်ရှိတွင် အာရက္ခပြည်သူ့ကျန်းမာရေးဌာန (FDA) အနေဖြင့် မြို့နယ်အချို့၌ တားမြစ်ဆေးဝါး ရောင်းချမှု ရှိ၊ မရှိကို ရှောင်တခင် ဝင်ရောက်စစ်ဆေးလျက်ရှိသည့်အပြင်၊ ၎င်းတို့ဦးဆောင်မှုဖြင့် အသက် ၅ နှစ်အောက် ကလေးငယ် ၈ သောင်းခန့်ကိုလည်း ဝက်သက်ရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိသည်။