စစ်ထဲ အဓမ္မ သွင်းခံရပြီး တပ်အတွင်း ဖိနှိပ်ရက်စက်မှုများ ခံနေရဟု AA ထံ အလင်းဝင်သူများ ထွက်ဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။

စစ်တပ်သည် အင်အား ပြတ်လပ်လာမှုကြောင့် မြို့ပြများ၌ ပေါ်တာဆွဲခြင်းနှင့် မူးယစ်ဆေးဝါးဖြင့် မတရား စွပ်စွဲကာ စစ်ထဲ အတင်းအဓမ္မ သွင်းယူနေပြီး ရှေ့တန်းစစ်မျက်နှာ၌လည်း ညှဉ်းပန်းနှိပ်စက်မှုများနှင့် အလွန် အကျွံ အဓမ္မခိုင်းစေမှုများကို ကျူးလွန်ခံနေရကြောင်း အာရက္ခတပ်တော် (AA) ထံ အလင်းဝင်လာ သူများက ထွက်ဆိုလိုက်သည်။

ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ဖမ်းဆီးခံခဲ့ရသည့် တပ်သား စိုးမင်းသိန်းနှင့် တပ်သား အောင်ကျော်နိုင်တို့ သည် စစ်သင်တန်းကျောင်းတွင် ထွက်ပြေးရန် ကြိုးပမ်းစဉ် ပြန်လည်မိဖမ်းမိ၍ အပြင်းအထန် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသလို၊ ကျောက်ဖြူစစ်မျက်နှာ ရှေ့တန်းစခန်းများသို့ ရောက်ရှိချိန်၌လည်း နေ့စဉ်နှင့်အမျှ ရိုက်နှက်နှိပ်စက် ခံခဲ့ရကြောင်း ပြောသည်။

မန္တလေးမြို့တွင် ဖမ်းဆီးခံခဲ့ရပြီး စစ်သင်တန်းကျောင်း၌ ထွက်ပြေးစဉ် ပြန်မိခဲ့သည့် တပ်သား အောင်ကျော်နိုင်က “သင်တန်းကျောင်းကိုရောက်တော့ ည ၉ နာရီလောက်မှာ ကျနော်တို့ကို မှောက်ပြီးတော့ တစ်ယောက် အချက် ၂၀ စီ ရိုက်ခံရပါတယ်။ ရိုက်ခံပြီးတော့ ကျနော်တို့ကို ခြေကျင်းခတ်တယ်။ ခြေကျင်းထည့်တယ်။ ဒေါက်ထည့် ပါတယ်” ဟု ၎င်းတို့ကြုံတွေ့ခဲ့ရသည့် ရက်စက်သည့် အပြစ်ပေးခံရမှုများကို ပြောပြသည်။

အလားတူ ရန်ကုန်မြို့၌ အလုပ်မှအပြန် မတရား စွပ်စွဲဖမ်းဆီးခံခဲ့ရသည့် တပ်သား စိုးမင်းသိန်းကလည်း “ရုံးကို ခေါ်သွားတဲ့အချိန်မှာ ကျနော်တို့ကို လက်ထဲကို မူးယစ်ဆေးဝါးတွေ ထည့်ပြီးတော့ ဓာတ်ပုံရိုက်တယ်။ ဓာတ်ပုံ ရိုက်ပြီးတော့ မင်းတို့ စစ်ထဲဝင်မလား၊ ထောင်ကျခံမလားမေးတယ်။ ကျနော်တို့ ဘာမှမပြောဘူး။ ထပ်နှိပ်စက် တယ်။ ရိုက်တယ်။ ရိုက်တော့ ကျနော်တို့လည်း တပ်ထဲဝင်မယ်လို့ ပြောလိုက်တယ်” ဟု မတရား ဖိအားပေး ခံခဲ့ ရပုံကို ထွက်ဆိုခဲ့သည်။

ကျောက်ဖြူစစ်မျက်နှာ ရှေ့တန်းစခန်းများသို့ ရောက်ရှိချိန်တွင်လည်း ပြည်သူ့စစ်တပ်သားများကိုသာ ကတုတ် ကျင်းတူးခြင်း၊ မျောတုံးထမ်းခြင်းနှင့် ကင်းစောင့်ခြင်းကဲ့သို့သော အလုပ်ကြမ်းများကို လုပ်ကိုင်ခိုင်းပြီး၊ အနည်း ငယ်မျှ မလုပ်နိုင်ပါက ရိုက်နှက်ဆဲဆိုမှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်ခံနေရသည်ဟု ဆိုသည်။

ထို့ပြင် ရှေ့တန်းစစ်မြေပြင်၏ ရက်စက်သည့် ဖိအားများနှင့် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ပြည်သူ့စစ်တပ်သား များ စိတ်ဓာတ်ကျဆင်းကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုများကိုပါ နေ့စဉ်နီးပါး မြင်တွေ့ခဲ့ရကြောင်း တပ်သား စိုးမင်းသိန်းက ယခုကဲ့သို့ ဆက် ပြောသည်။

“နေ့တိုင်းလိုလို ဆဲဆိုကြိမ်းမောင်းတယ်။ ကျနော်တို့တွေ ရှေ့မှာလည်း တွေ့ရပါတယ်။ ကျနော်တို့ ပစတွေထဲက ဆိုလို့ရှိရင် ကိုယ့်လည်ပင်းကို ထောက် ပြီးတော့ ပစ်သတ်လိုက်တဲ့ သူတွေလည်း တွေ့ရပါတယ်။ ခြေထောက် တွေကို ပစ်လိုက်တဲ့သူတွေလည်း တွေ့ပါတယ်။ ရှေ့တန်းမှာ တိုက်ပွဲ ဖြစ်ပြီးတော့ ဒဏ်ရာရလာတဲ့သူတွေကို လေး၊ ငါး၊ ခြောက်ယောက် ထမ်းစင်တွေနဲ့ ထမ်းသွားတာလည်း တွေ့ရပါတယ်။”

ထိုကဲ့သို့ တပ်တွင်း၌ ရက်စက်စွာ ကျူးလွန်ခံနေရမှုများနှင့် အသက်အန္တရာယ် စိုးရိမ်လာရသည့်အတွက် အဆိုပါ တပ်သား ၂ ဦးသည် သူငယ်ချင်းများနှင့် တိုင်ပင်ကာ အလံဖြူပြ၍ AA ထံ အလင်းဝင်ရောက်ခဲ့ကြခြင်း ဖြစ် သည်။

ဓာတ်ပုံ – အာရက္ခတပ်တော် (AA) ထံသို့ ဘက်ပြောင်းအလင်းဝင်ရောက်လာကြသည့် ပြည်သူ့စစ်တပ်သား အောင်ကျော်နိုင်နှင့် စိုးမင်းသိန်းတို့ကို တွေ့ရစဉ်။ / AA ပြန်ကြားရေးဌာန