အင်းတော်၌ လမ်းမှားဝင်လာသည့် အရပ်သား ၂ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ၁ ဦးကို အနီးကပ် ပစ်သတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၌ စစ်အုပ်စုတပ် စခန်းချထားသည့် မအူကုန်းကျေးရွာအနီးသို့ လမ်းမှားဝင် ရောက်လာသည့် အရပ်သား အမျိုးသား ၂ ဦးကို စစ်အုပ်စုတပ်က ဖမ်းဆီးပြီး ၁ ဦးအား အနီးကပ် ပစ်သတ်ခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်) က ရုပ်သံဖိုင်နှင့် တကွ ထုတ်ပြန်လိုက်သည်။
အဆိုပါ အရပ်သား ၂ ဦးသည် ညောင်ကုန်းကျေးရွာဘက်မှ ဆိုင်ကယ်တစ်စီးဖြင့် ထွက်လာစဉ် စစ်အုပ်စုတပ် တပ်စွဲထားသည့် နေရာသို့ အောက်တိုဘာလ ၁၉ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်က လမ်းမှား ရောက်ရှိသွားပြီး နောက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူများအနက် အသက် ၂၃ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးကို လက်နောက်ပြန် ကြိုးတုပ်ကာ မြေပြင်တွင် မှောက်ခိုင်းပြီး သေနတ်ဒင်ဖြင့် အကြိမ်ကြိမ် ရိုက်နှက်နှိပ်စက်ခဲ့သည့်အပြင် သေနတ်ဖြင့် အနီးကပ် ပစ်သတ်ကာ ရုပ်အလောင်းကို လမ်းဘေးတွင် စွန့်ပစ်ထားခဲ့ကြောင်း NUG က ထုတ်ပြန်သည်။
ထို့ပြင် အသက် ၅၀ ကျော်အရွယ်ရှိ အခြား အမျိုးသားတစ်ဦးကိုလည်း လက်နောက်ပြန် ကြိုးတုပ်၍ ရိုက်နှက် နှိပ်စက်ပြီးနောက် လယ်ပြင်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
မြေပြင်တွင် တာဝန်ထမ်းဆောင်နေသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက “ဒီလမ်းက ရွှေဘို-မြစ်ကြီးနား လမ်းမကြီး။ ဒီရွာကလည်း ကားလမ်းမ နဘေးကရွာပဲ။ သူတို့ရဲ့အချက်အလက်အတိအကျတော့ မသိဘူး။ အသက် ၅၀ ကျော်က တစ်ယောက်၊ နောက်ထပ် အသက် ၂၀ ကျော်ကတစ်ယောက်လို့ သိထားတာ။ သူတို့ ဘယ်လို တော်စပ်လည်းတော့ မသိဘူးဗျ” ဟု ပြောသည်။
လက်ရှိတွင် အင်းတော်မြို့နယ်အတွင်း စစ်အုပ်စု၏ စစ်ကြောင်းလှုပ်ရှားမှုများနှင့် တိုက်ပွဲများအပြင် လေကြောင်းမှ ပြင်းထန်စွာ တိုက်ခိုက်မှုများပါ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။
အဆိုပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်က “လေကြောင်းပစ်ကူတွေကတော့ မြို့သိမ်းကာလတုန်းကထက်တောင် အလွန်အကျွံ သုံးစွဲနေပါတယ်။ ဗွီဒီယိုက အထိနာနေတဲ့ စစ်ကြောင်းဟာ ပိန်းအင်းရွာမှာ ပြည်သူကို ပစ်သတ် နေတဲ့ ဗွီဒီယို ဖြစ်ပါတယ်” ဟု ဆက် ပြောသည်။
စစ်အုပ်စုတပ်သည် တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် အပြစ်မဲ့ အရပ်သားများကို ပစ်မှတ်ထား ဖိနှိပ်သတ်ဖြတ် နေပြီး ယင်းလုပ်ရပ်များသည် စစ်ရာဇဝတ်မှု ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်ကြောင်း NUG စစ်ရုံး ချုပ်က ထောက်ပြထားသည်။
ထို့ပြင် ခရီးသွား ပြည်သူများအနေဖြင့် အဆိုပါ စစ်ရာဇဝတ်မှုများနှင့် မကြုံတွေ့ရစေရန် လမ်းခရီး အခြေအနေ များကို ကြိုတင်စုံစမ်းကြရန်နှင့် သက်ဆိုင်ရာ နယ်မြေအလိုက် ထုတ်ပြန်ထားသည့် လုံခြုံရေး သတိပေးချက် များကို အထူးဂရုပြု လိုက်နာကြရန် တိုက်တွန်းထားသည်။
လက်ရှိတွင် ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရသည့် အသက် ၅၀ ကျော်အရွယ် အမျိုးသား၏ အသက်အန္တရာယ် အခြေအနေနှင့် မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ဆိုသည့် အချက်များကို အသေးစိတ် မသိရသေးပေ။
စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်ကို ဆက်သွယ်ပေးထားသည့် မန္တလေး-သပိတ်ကျင်း-ထီးချိုင့်-ကသာ-အင်းတော်-မိုးညှင်း-မြစ်ကြီးနား ကုန်စည်စီးဆင်းရာ အဓိက လမ်းကြောင်းကို အလုံးစုံ ထိန်းချုပ်နိုင်ရန် စစ်အုပ်စု တပ်က ကြိုးပမ်းနေသဖြင့် စစ်ရေးအရ အရေးပါသည့် အင်းတော်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိသည်။
ဓာတ်ပုံ – (အင်းတော်မြို့နယ်၌ စစ်အုပ်စုတပ်၏ ရိုက်နှက်ပစ်သတ်ခြင်းခံရပြီး ဒရွတ်တိုက် ဆွဲခေါ်သွားခံရသည့် မြင်ကွင်း။ / NUG စစ်ရုံးချုပ်)