တူရကီ၊ ကာတာ၊ ပါကစ္စတန်နှင့် အင်ဒိုနီးရှား ၄ နိုင်ငံ ကာကွယ်ရေး သဘောတူညီချက် ရေးထိုး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။
တူရကီ၊ ကာတာ၊ ပါကစ္စတန်နှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်နှင့် စစ်ရေးစွမ်းရည်များ မြှင့်တင်ရန်အတွက် အောက်တိုဘာ ၂၁ ရက်နေ့က ကာတာနိုင်ငံ ဒိုဟာမြို့၌ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အဆိုပါ လက်မှတ်ရေးထိုးခဲ့သည့် “ဗဒါ နားလည်မှုစာချွန်လွှာ” (Badr Memorandum of Understanding) သည် စီးပွားရေးအရရော စစ်ရေးအရပါ အရေးပါသည့် စာချုပ်တစ်ခုဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ပူးတွဲထုတ်လုပ်ခြင်း၊ နည်းပညာဆိုင်ရာ စစ်သင်တန်းများ ပေးခြင်း၊ သုတေသနနှင့် နည်းပညာ တီထွင်ဖန်တီးမှုများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း၊ နည်းပညာ မျှဝေခြင်းနှင့် စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်း အခြေခံအဆောက်အအုံများ မြှင့်တင်ခြင်းတို့ကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်သည်။
တူရကီနိုင်ငံသည် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) အဖွဲ့ဝင်နိုင်ငံများအနက် ဒုတိယအကြီးဆုံး စစ်တပ်ကို ပိုင်ဆိုင်ထားပြီး တောင့်တင်းသည့် ကာကွယ်ရေးစက်မှုလုပ်ငန်းရှိသည့် နိုင်ငံဖြစ်သည်။
လက်ရှိတွင် ကာတာနိုင်ငံ၌ တူရကီစစ်စခန်း တည်ရှိသကဲ့သို့ ဆော်ဒီအာရေးဘီးယား၊ နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် ပါကစ္စတန်တို့နှင့်လည်း စစ်ရေးအရ အပြန်အလှန် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်များ ရေးထိုးထားသည်။
ထို့ပြင် တူရကီသည် အင်ဒိုနီးရှားနိုင်ငံနှင့်လည်း စစ်ဘက်ဆိုင်ရာ ရင်းနှီးသည့် ဆက်ဆံရေး ရှိသည်။
တူရကီ ကာကွယ်ရေးစက်မှုလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌက ယခုလက်မှတ်ရေးထိုးလိုက်သည့် “ဗဒါ” နားလည်မှုစာချွန်လွှာသည် လက်နက်များကို အသင့်ဝယ်ယူသည့် ပုံစံမျိုး မဟုတ်ဘဲ မိမိတို့နိုင်ငံ၏ နည်းပညာနှင့် စက်မှုစွမ်းရည်များကို တိုးတက်စေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု အုတ်မြစ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။