ကျောက်ဖြူတွင် စစ်အုပ်စုတပ် အင်အားဖြည့်ထားစဉ် AA ထိုးစစ်ကြောင့် တိုက်ပွဲပြင်းထန်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။
ရခိုင်ပြည်၏ စီးပွားရေးနှင့် မဟာဗျူဟာအရ အရေးပါသည့် ကျောက်ဖြူမြို့တွင် စစ်အုပ်စုတပ်က အင်အား ၅,၀၀၀ ခန့်အထိ ဖြည့်တင်းထားပြီး အာရက္ခတပ်တော် (AA) ဘက်ကလည်း မြို့အနီးဝန်းကျင်နှင့် အဓိက စခန်းများသို့ ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း ဒေသခံ စစ်ရေး သတင်းအရင်း အမြစ်များက ပြောသည်။
AA က ကျောက်ဖြူမြို့ကို သိမ်းယူမည်ဟု ကြေညာထားပြီးနောက် ကျောက်ဖြူမြို့နယ်အတွင်း စစ်ရေးတင်းမာမှု မြင့်တက်လာခဲ့ရာ နိုဝင်ဘာလ နောက်ဆုံးအပတ်မှစတင်၍ AA ဘက်က မင်းပြင်၊ ဇင်ချောင်း၊ ကျောက်ဖြူမြို့၊ ဓညဝတီရေတပ်စခန်းဌာနချုပ်၊ မဒေးကျွန်း၊ တောင်မော်ဦးရေတပ်စခန်းနှင့် စနဲစသည့် နေရာများသို့ ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်။
ကျောက်ဖြူဒေသခံ စစ်ရေးသတင်းအရင်းအမြစ်က “ကျောက်ဖြူကို ရေကြောင်းနဲ့ လေကြောင်းကပါ စစ်တပ် အင်အားဖြည့်ထားတာ ၅၀၀၀ လောက် ရှိနေတယ်လို့ သတင်းတွေရှိတယ်။ တစ်မြို့လုံးနဲ့ ဆိပ်ကမ်းမှာ စစ်သား တွေ အများကြီးတွေ့နေရတယ်။ တောင်မော်ဦး ရေတပ်စခန်းကနေ စနဲမြို့ဘက်ကို စစ်ကြောင်းထိုးတာ ရှိပေ မယ့် အေအေက စနဲလမ်းအတိုင်း တက်လာတာကို မဖောက်နိုင်ဘူး ဖြစ်နေတယ်။ ကျောက်ဖြူမှာ စစ်တပ်က ဒရုန်းတွေ အသုံးပြုတာများနေတယ်။ မင်းပြင်၊ ဇင်ချောင်း တိုက်ပွဲတွေ ပစ်ခတ်မှုတွေရှိပါတယ်” ဟု ပြော သည်။
လက်ရှိတွင် စစ်အုပ်စုတပ်၏ တောင်မော်ဦးရေတပ်စခန်းမှ စနဲမြို့ဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်ကြောင်းကို AA က တန်ပြန်တိုက်ခိုက်နေသကဲ့သို့ ဓညဝတီရေတပ်စခန်း ဌာနချုပ်၊ မဒေးကျွန်းနှင့် တောင်မော်ဦးရေတပ် တို့ ကိုလည်း တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိခဲ့သည်။
ကျောက်ဖြူတိုက်ပွဲတွင် AA သည် အလုံးအရင်းဖြင့် ထိုးစစ်ဆင်ခြင်းမဟုတ်ဘဲ အဖြတ်လိုက် ပျောက်ကျားစနစ် ဖြင့် တိုက်ခိုက်နေပြီး စစ်အုပ်စုတပ်ဘက်ကလည်း ခလရ (၃၄)၊ ခမရ (၅၄၂)၊ ခမရ (၅၄၃)၊ ရတရ (၃၂) တို့ အပြင် တောင်ကုတ် အခြေစိုက် စကခ (၅) လက်အောက်ခံ ဆုတ်ခွာတပ်များ၊ တပ်မ (၁၁) ၏ နည်းဗျူဟာနှစ်ခုနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံ တပ်ရင်းအချို့ကိုပါ ဖြည့်တင်းကာ ကျောက်ဖြူတပ်နယ် အတွင်းရှိ မူလတပ်ရင်းများနှင့် ရေတပ်စခန်းများ၌ အင်အားစုစည်းထားသည်။
ကျောက်ဖြူ – ရမ်းဗြဲနယ်စပ်ရှိ စစ်ရေးသတင်းအရင်းမြစ်က “စစ်တပ်က ကျောက်ဖြူ – ရမ်းဗြဲ နယ်စပ်ကို ရေကြောင်းက ဝင်ဖို့လုပ်နေတာပါ။ ဂျိုင်ရိုကော်ပတာ (Gyrocopter) အုပ်စုတွေ တရုတ် ဒရုန်း အကူအညီ တွေပါ ကင်းထောက်တာတွေရှိတယ်။ စနဲ – ကျောက်ဖြူ – ရမ်းဗြဲလမ်းကြောင်းကို ဗုံးကြဲတယ် သံဇစ်မြစ်က ရေယာဉ် တွေလည်း လစ်ရင်လစ်သလို ရေကြောင်း အတိုင်း ပစ်ကူနေပါတယ်။ အေအေ စစ်ရေလှုပ်ရှားတာ သိုသိပ်နေရတယ်။ ထိုးစစ်ကလည်း ရအောင် တက်လာနေတယ်” ဟု ပြောသည်။
နှစ်ဖက်တပ်ဖွဲ့များ၏ ထိုးစစ်နှင့် ခုခံစစ်များကြောင့် ကျောက်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ပုံစာ – အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် / ဓာတ်ပုံ – Original uploader