ဧရာဝတီ-ရခိုင် အစပ် အမတ ၃၄၄ အနီး စစ်အုပ်စုတပ် ထိုးစစ်ကြောင့် တိုက်ပွဲပြင်းထန်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။
စစ်အုပ်စုတပ်က ထိုးစစ်ဆင်လာသောကြောင့် ရခိုင်နှင့် ဧရာဝတီအစပ် ရေကြည်မြို့နယ်အတွင်းရှိ အမြောက်တပ် ၃၄၄ အနီးတွင် တိုက်ပွဲ ပြင်းထန်နေသည်ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။
ရခိုင်တောင်ပိုင်းနှင့် ဧရာဝတီနယ်စပ်ကို ဆက်သွယ်ထားသော ငသိုင်းချောင်း-ဂွ လမ်းကြောပေါ်ရှိ ဧရာဝတီ တိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ မြောက်စမ်းကျေးရွာ အခြေစိုက် အမြောက်တပ် အမတ ၃၄၄ အနီး ဝန်းကျင်ရှိ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသော စခန်းကုန်းများကို စစ်အုပ်စုတပ်က စစ်ကြောင်း ထိုးနေ သောကြောင့် ယခုရက်ပိုင်း တိုက်ပွဲပြင်းထန်လျက်ရှိသည်။
နိုဝင်ဘာလ နောက်ဆုံးအပတ်မှ ၂၆ ရက်အထိ အဆိုပါ စခန်းကုန်းများသို့ ဦးတည်ထိုးစစ်ဆင်နေသော စစ် ကြောင်းများနှင့် စစ်ကူပို့ဆောင်သည့် စစ်ကြောင်းများကို AA က ကြားဖြတ်တိုက်ခိုက်နေသောကြောင့် တိုက်ပွဲ များ ပြင်းထန်နေဆဲဖြစ်သည်။
အမတ ၃၄၄ နှင့် ၃ မိုင်ခန့်သာ ကွာဝေးသည့် မိဿလင်ကျေးရွာအနီးရှိ စစ်အုပ်စုတပ် စစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကျအဆုံးရှိခဲ့ပြီးနောက် မိဿလင်ကျေးရွာအနီးကို Y12 လေယာဉ်နှင့် ဂျက်ဖိုက်တာ များဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ရေကြည်ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်အမျိုးသားက “ဇွန်လထဲက အေအေ သိမ်းပိုက်ထားတဲ့ အမတ ၃၄၄ ရဲ့ ပွိုင်ကုန်းတွေကို စစ်တပ်က ထိုးစစ်ဆင်ပြီး ပြန်တိုက်နေတာ။ သိပ်တိုး မပေါက်သေးဘူး။ မိဿလင်တို့ ဂွေတောက်တို့မှာပဲ ရပ်နေတယ်။ ဂွ-ငသိုင်းချောင်း လမ်းပေါ်မှာကို စစ်တပ်တိုးလို့ မရတာပါ။ ဒါပေမယ့် စစ် ကြောင်းတွေ ပြန်မဆုတ်သေးဘူး။ လေကြောင်းပစ်ကူနဲ့ ထိုးနေတယ်။ ပုသိမ်အခြေစိုက် နတခ ထဲကို ပြည်မက တပ်အင်အား ထောင်ချီပို့ထားတယ်” ဟု ပြောသည်။
AA နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် ပြီးခဲ့သည့် ဇွန်လအတွင်းက အမတ ၃၄၄ ၏ ပွိုင့်ကုန်းများ ဖြစ် သော (၂၈၈) ကုန်း၊ ပွိုင့် (၁၈၈)၊ ပွိုင့် (၁၄၈) နှင့် ပွိုင့် (၂၂၇) တို့ကို သိမ်းပိုက်ထားခဲ့ရာ အဆိုပါ ကုန်းများကို ပြန် လည်ရရှိရန်နှင့် ငသိုင်းချောင်း-ဂွ လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုတပ်က ထိုးစစ် ဆင်နေခြင်း ဖြစ်သည်။
စစ်အုပ်စုတပ်သည် ရေကြည်၊ သာပေါင်းနှင့် ရွှေသောင်ယံနယ်မြေများသို့ ပြည်မမှ တပ်အင်အား ထောင်ချီ ပို့ဆောင်ခဲ့ပြီးနောက် ပုသိမ်အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) မှတစ်ဆင့် ဂွ-ငသိုင်းချောင်း လမ်းကြောနှင့် ရခိုင်ရိုးမပေါ်သို့ တပ်ဖြန့်ထားသည်။
နောက်ထပ် ရေကြည်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက “အခုအပတ်တော့ အမြောက်တပ် အမတ ၃၄၄ အနီး တိုက်ပွဲများ ပြင်းထန်နေတယ်။ အနီးအနားက ရွာတွေကို သူတို့ ပိတ်ထားတာ။ အေအေက ဆင်းလာတယ်လို့ သိရတယ်။ စစ်တပ် စစ်ကြောင်းတွေလည်း ဂွ-ငသိုင်းချောင်း လမ်းအတိုင်း တက်သွားတာတွေ ရှိနေတယ်။ အေအေက အမြောက်တပ်ကို ပစ်နေလို့ အဲ့အနားရွာတွေကို ဈေးရောင်းသွားတဲ့ သူတွေ အခု မသွားနိုင်ကြဘူး။ ဖမ်းမှာလည်း ကြောက်ရတယ်” ဟု ပြောသည်။
တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်ဘက်မှ အကျအဆုံးများနေသောကြောင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းနှင့် အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခြင်းတို့ကို လုပ်ဆောင်နေသည်။
အမတ ၃၄၄ အတွင်းတွင်လည်း နတခ လက်အောက်ခံ တပ်ရင်းများအပြင် ကျုံပျော် ခလရ-၃၆၊ ဖျာပုံ ခလရ-၉၈၊ ဓနုဖြူ ခလရ-၁၀၈၊ တပ်မ (၆၆) လက်အောက်ခံ ခလရ-၁၄၊ ဟင်္သာတ ခလရ-၁၈ တပ်များနှင့် အခြား ထုတ်နုတ်တပ်များကို ဖြည့်တင်းထားသည်။
ပုံစာ – ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်တွင် သိမ်းပိုက်ရရှိခဲ့သည့် ဘူးသီးတောင်အခြေစိုက် ကထီးလှတပ်စခန်း၌ တွေ့ရသော အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များ။ / ဓာတ်ပုံ – AA Info Desk