ကင်ဂျုံအန်က ရုရှားသို့ လက်နက်တင်ပို့မှု ရပ်ဆိုင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုများတွင် အခက်အခဲများ ပေါ်ပေါက်နေပြီး သံတမန်ရေး သဘောထားကွဲလွဲမှုများကြောင့် ရုရှားထံ ပဲ့ထိန်းဒုံးကျည်နှင့် အမြောက်ကျည်ဆန်များ ပေးပို့မှုကို မြောက်ကိုရီးယားက ယာယီရပ်ဆိုင်းလိုက်သည်။

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားအကြား တင်းမာမှုလျှော့ချရန် ရုရှားဘက်က ကူညီပေးနိုင်ကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး အန်ဒရေး ရူဒန်ကိုက ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ပြောဆိုခဲ့သည်။

ထို့နောက် ယခုကဲ့သို့ တင်းမာမှုများ စတင်ခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာန စစ်ဘက်ထောက်လှမ်းရေးအဖွဲ့ (HUR) က နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်သည်။

ရုရှား၏ ရပ်တည်ချက်သည် နှစ်နိုင်ငံ မဟာမိတ်သဘောတူညီချက်များနှင့် ဆန့်ကျင်နေကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟီးက ဝေဖန်ခဲ့ပြီး ရုရှားအစိုးရထံ ဖြေရှင်းချက် တောင်းဆိုခဲ့သည်။

ယူကရိန်း ထောက်လှမ်းရေးအဖွဲ့၏ အဆိုအရ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ရုရှားအပေါ် ကန့်သတ်ချက်များ ချမှတ်လိုက်ရာ KN-23 ပဲ့ထိန်းဒုံးကျည်နှင့် အမြောက်ကျည်ဆန်များ ပေးပို့မှု ရပ်ဆိုင်းခြင်း၊ ရုရှား စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်များကို မြောက်ကိုရီးယား လေပိုင်နက်အတွင်း ပျံသန်းခွင့် ပိတ်ပင်ခြင်းတို့ ပါဝင်သည်။

ထို့ပြင် ရုရှားနိုင်ငံအတွင်း ရောက်ရှိနေသည့် မြောက်ကိုရီးယား စစ်သည်ဦးရေကို ၈,၅၀၀ မှ ၅၀,၀၀၀ အထိ တိုးမြှင့်စေလွှတ်ပေးရန် ရုရှား၏ တောင်းဆိုချက်ကိုလည်း ဆိုင်းငံ့ထားလိုက်သည်။

သို့သော် နှစ်နိုင်ငံ စစ်ရေးပူးပေါင်းမှု အားလုံး ရပ်ဆိုင်းသွားခြင်း မဟုတ်ဘဲ ရုရှားနိုင်ငံ၊ ကာ့စ်ခ်နှင့် ဗိုရိုနက်ဇ် ဒေသများတွင် ရှိနေသည့် မြောက်ကိုရီးယား တပ်ဖွဲ့ဝင်များမှာ ပုံမှန်အတိုင်း ဆက်လက်လှုပ်ရှားနေဆဲ ဖြစ်သည်။