မကွေးတိုင်း နတ်ရေကန်စခန်းအနီး စစ်အုပ်စုတပ် ထိုးစစ်ကြောင့် တိုက်ပွဲပြင်းထန်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။
အာရက္ခတပ်တော် (AA) ပိတ်ဆို့ထားသော မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒန်းမြို့ ရိုးတောင်ကျော်လမ်းပေါ်ရှိ စစ်အုပ်စုတပ်၏ လေကြောင်းရန်ကာကွယ်ရေးတပ် ရှိရာ နတ်ရေကန်စခန်းဝန်းကျင်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်း စစ်ကြောင်းပြန်ထိုးနေသောကြောင့် တိုက်ပွဲပြန်လည် ပြင်းထန်နေကြောင်း ဒေသတွင်းစစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။
စစ်အုပ်စုတပ် ပဒန်းတပ်နယ်မှ အင်အား ၁၀၀ ကျော်သည် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် နတ်ရေကန် ပင်မဗျူဟာ ကုန်းသို့ စစ်ကြောင်းထိုးလာသောကြောင့် ဂုတ်ကြီးရွာဝန်းကျင်တွင် နိုဝင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ တိုက်ပွဲ ဖြစ်ပွားလျက်ရှိသကဲ့သို့ ပဒန်း-နတ်ရေကန်လမ်းဟောင်းအတိုင်းလည်း စစ်ကြောင်းထိုးခဲ့ရာ နိုဝင်ဘာလ ၂၅ ရက် နေ့မှ ၂၆ ရက်နေ့အထိ ပဇီကျေးရွာတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။
မကွေးတိုင်းရှိ စစ်ရေးသတင်းအရင်းအမြစ်အမျိုးသားက “နတ်ရေကန် ဗျူဟာကုန်းဘက်ကို စစ်တပ် ထိုးစစ် ပြန်လုပ်လာလို့ အေအေနဲ့တိုက်ပွဲ ဖြစ်တာပါ။ အေအေက နတ်ရေကန်တောင်ဝန်းကျင်ကနေ ဗျူဟာကုန်းကို ပိတ်ထားတာ နှစ်ပေါက်နေပြီ၊အဲ့ဒါကို လမ်းကြောင်းပွင့်ပြီး ပြန်ဆက်သွယ်နိုင်ဖို့ စစ်တပ်က ခဏခဏ ထိုးတယ်။ အေအေက ဖြတ်တိုက်တာ အခု စစ်ကြောင်းနှစ်ကြောင်းထိုးတာကို အေအေက ဂုတ်ကြီးရွာနဲ့ ပဇီရွာနားမှာ ဖြတ် တိုက်လို့ တိုက်ပွဲပြင်းထန်တယ်” ဟု ပြောသည်။
စစ်အုပ်စုတပ်သည် ဂုတ်ကြီးရွာဝန်းကျင်တွင် အထိုင်ချကာ နတ်ရေကန်ဗျူဟာကုန်းဘက်သို့ တန်ပြန်ထိုးစစ်ဆင် ရန် ကြိုးပမ်းစဉ် AA ၏ ဖြတ်တိုက်မှုကို ခံခဲ့ရခြင်းဖြစ်ပြီး အကျအဆုံးရှိခဲ့ကာ လက်နက်ခဲယမ်းအချို့ကိုပါ သိမ်း ဆည်းရရှိခဲ့သကဲ့သို့ ပဒန်း-နတ်ရေကန်လမ်းဟောင်းရှိ ပဇီကျေးရွာဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကြောင်း သည်လည်း ပဇီကျေးရွာအနီး၌ ဖြတ်တိုက်ခံခဲ့ရသည်။
အဆိုပါ ဂုတ်ကြီးနှင့် ပဇီရွာတိုက်ပွဲတွင် နှစ်ဖက်အကျအဆုံးရှိနေပြီး စစ်အုပ်စုတပ်ဘက်မှ ဂျက်ဖိုက်တာ လေယာဉ်များနှင့် Y12 လေယာဉ်များပါ အသုံးပြု၍ လေကြောင်းမှ ဗုံးကြဲပစ်ကူပေးခဲ့ကာ လက်ရှိတိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။
ပဒန်းဒေသခံမြေပြင်သတင်းအရင်းအမြစ်အမျိုးသားက “ဒီနေရာတွေက တိုက်ပွဲတွေ ငြိမ်နေတာ နည်းနည်း တော့ ကြာပြီ။ မြေပြင် လှုပ်ရှားမှုတော့ရှိပါတယ် အခုလ ၂၂ ရက်နေ ၂၆ အထိပြန်ဖြစ်တာ စစ်တပ် စစ်ကြောင်း အင်အား များတယ်။ အေအေနဲ့ တော်လှန်ရေးတပ်တွေကလည်း နတ်ရေကန်တောင်ကြောမှာ ပြင်ဆင်ထားတာ ခိုင်မာနေတော့ စစ်တပ်က အသေခံ တက်ထိုးရသလို ဖြစ်နေတာ။ လေကြောင်းကတော့ ပစ်ကူတယ်။ ထိရောက် မှု မရှိဘူး။ နတ်ရေကန်ဗျူဟာကုန်း အထိ မြေပြင် စစ်ကြောင်းမရနိုင်ဘူး” ဟု ပြောသည်။
စစ်အုပ်စုတပ်သည် အင်အား ၃၀၀ ခန့်ကို စစ်ကြောင်းနှစ်ကြောင်း ဖြန့်ထိုးကာ လမ်းကြောင်းနှစ်ခုမှတစ်ဆင့် AA တပ်ဖွဲ့ဝင်များ ဝိုင်းရံပိတ်ဆို့ထားသည့် နတ်ရေကန်တောင်သို့ ဦးတည်ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်ပြီး ကြားဖြတ် တိုက်ခံရမှုကြောင့် ပဒန်းမြို့အနီးက မစခ (၉၀၅) က အင်အားထပ်ဖြည့်ကာ လက်နက်ကြီးများဖြင့်လည်း ဆက်တိုက်ပစ်ကူများ ပေးလျက်ရှိပြီး ဇပြွန်းနှင့် ဆုန်ကုန်းဘက်မှလည်း လက်နက်ကြီးပစ်ကူ ပေးထားသည်။
လက်ရှိ AA နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များသည် နတ်ရေကန်ဗျူဟာကုန်း၏ ကာကင်းတာဝါတိုင်ကုန်း အပါ အဝင် အမ်း-နတ်ရေကန်ကြားက စခန်းများကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပြီး စစ်အုပ်စုတပ်၏ ပဒန်းတပ် နယ် စစ်ကြောင်းများကို ဂုတ်ကြီးနှင့် ပဇီကျေးရွာဝန်းကျင်တွင် ရှေ့မတိုးနိုင်အောင် ပိတ်ဆို့ဖြတ်တိုက်ထားသည်။
ပုံစာ – မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒန်းမြို့ နတ်ရေကန်စခန်းအနီး မြင်ကွင်း။ – ပုံဟောင်း / ဓာတ်ပုံ – Original uploader