လွတ်ရက်စေ့ နိုင်ကျဉ်းနှစ်ဦးကို ထောင်ဘူးဝ တွင် ပြန်ဖမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်။  

သရက်ထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၂ ဦး ထောင်ဗူးဝတွင် ပြန်လည် အဖမ်းခံလိုက်ရသည် ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြောသည်။

မကွေးတိုင်း၊ သရက်ခရိုင်၊ သရက်အကျဉ်းထောင်တွင် လွတ်ရက်စေ့သည့် နိုင်ငံရေးအကျဉ်းသား ၂ ဦး ပြန်လည် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် (PPNM) က ထုတ်ပြန်သည်။

PPNM ဦးဆောင် ကော်မတီဝင် ဖြစ်သူ မရောင်နီလင်းက ပြန်ဖမ်းထားတယ်။ သရက်မြို့ရဲ့ မြို့မရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ သိရတယ်။ ကြားတာကတော့ စုံစမ်းသိရှိရသလောက်ဆိုရင် သူတို့ ၂ ဦးကို ၅၂ (က) ပြန်ဖမ်းခံထားရတယ်လို့ သိရှိရပါတယ် ဟု ပြောသည်။

သရက်အကျဉ်းထောင်မှ ဇွန်လ ၁ ရက်နေ့၌ လွတ်မြောက်လာသည့် နိုင်ကျဉ်း ၄ ဦးအနက် ၂ ဦးကို စစ်ကောင်စီ လက်အောက်ခံ ထောင်အာဏာပိုင်များက ထောင်ဗူးဝတွင် ပြန်လည် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

အဆိုပါ နိုင်ကျဉ်း ၂ ဦးမှာ တရားလွှတ်တော်ရှေ့နေ ဦးထွန်းထွန်းအောင်နှင့် ကိုနိုင်လင်းထွန်းတို့ ဖြစ်ပြီး၂၀၂၁ ခုနှစ် ဇွန်လအတွင်း ပုဒ်မ ၅၀၅-ဂ၊ မတရားအသင်းအက် ဥပဒေ ပုဒ်မ ၁၇-၁ တို့ဖြင့် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံ၍ လျှော့ရက်ဖြင့် လွတ်မြောက်လာသူများ ဖြစ်သည်ဟု ဆိုသည်။

လတ်တလောတွင် ၎င်းတို့အား ပြန်လည်ဖမ်းဆီးထားသော်လည်း ကျန်းမာရေး အခြေအနေနှင့် ထောင်ဝင်စာ များမှာ စိုးရိမ်စရာ မရှိဘူးဟု မရောင်နီလင်းက ဆက်ပြောသည်။

အခြေအနေကတော့ ကောင်းပါတယ်။ မိသားစုနဲ့ အဆက်အသွယ် ရတာမျိုးလည်း ရှိပါတယ်။ ပြီးတော့ သရက်ထောင်မှာ ထောင်ဝင်စာ အခြေအနေကတော့ ပို့ဆောင်လို့ ရနေပါတယ်။

၎င်းတို့ ၂ ဦးအား ပြန်လည် ဖမ်းဆီးထားသည့် ပုဒ်မ ၅၂-က မှာ အမျိုးသားလုံခြုံရေး ထိခိုက်စေသည့်အပေါ် အရေးယူသည့် ပုဒ်မများဖြစ်ပြီး တိုင်းပြည်၏ တည်ငြိမ်မှုကို ဖျက်ဆီးသူ၊ အကြံဉာဏ်ပေးသူများအတွက် ရည်ရွယ်သည်ဟု စစ်ကောင်စီက ပြဌာန်းထားသည်။

အလားတူ ဇန္နဝါရီလ ၁၄ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုထောင်မှ လွတ်မြောက်လာသည့် နိုင်ကျဉ်း ၁၀ ဦးအား ထောင်ဗူးဝတွင် ထောင်အာဏာပိုင်များက ပြန်လည်ဖမ်းဆီး၍ ရွှေဘိုရဲစခန်းတွင် ထိန်းသိမ်းခဲ့ပြီး မတရား ပုဒ်များဖြင့် နှစ်ရှည်ထောင်ဒဏ်များ ထပ်မံချမှတ်ခဲ့ရဖူးသည်။