ပြည်ထောင်စု ရွေး/ကော် ယာဉ်တန်း တိုက်ခံရ၊ ရဲမှူး အပါအဝင် ၈ ဦးသေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်။ 

မကွေးတိုင်းဒေသကြီးအတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ယာဉ်တန်း ကြားဖြတ်တိုက်ခံရပြီး မြို့နယ်ရဲမှူး အပါအဝင် ၈ ဦး သေဆုံးသွားသည်ဟု နေပြည်တော် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်သည်။ 

ဇန်နဝါရီလ ၆ ရက် နေ့လယ်ပိုင်းတွင် နေပြည်တော်မှ မကွေးတိုင်းသို့ ရွေးကောက်ပွဲအပိုင်း (၂) ကျင်းပနိုင်ရေးနှင့် ကြိုတင်မဲကိစ္စများ ဆွေးနွေးရန်လာသည့် ကား ၄ စီးပါ ယာဉ်တန်းကို မြို့သစ်-ကန်ပြားလမ်းပိုင်း၊ ရွှေပန်းကျေးရွာ အနီးတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြောက်ကျားစနစ်ဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ယာဉ်တန်းတွင်ပါဝင်သည့် ကား ၃ စီးမှာ လမ်းဘေးသို့ တိမ်းမှောက်ပျက်စီးခဲ့ပြီး မြို့သစ်မြို့နယ်ရဲမှူး ထွန်းလင်းအောင်၊ မြို့နယ်စခန်းမှူးနှင့် ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၏ ကိုယ်ရေးအရာရှိ အပါအဝင် ယာဉ်တန်းလုံခြုံရေးလိုက်ပါလာသူ ၈ ဦး သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ကား ၄ စီး လာတာမှာ ၃ စီးကတော့ မှောက်သွားပြီး တစင်းပဲ လွတ်သွားတယ်။ ပစ်ခတ်မှုက တော်တော်ပြင်းထန်တယ်။ ရဲမှူးရော၊ စခန်းမှူးရော နေရာမှာတင် ဆုံး သွားတာ။ တိုက်ပွဲပြီးတော့ G3 သေနတ် ၂ လက်နဲ့ ကျည်ဆံတွေပါ သိမ်းဆည်းရမိတယ်လို့ သိရတယ် ဟု ပြော သည်။

ယာဉ်တန်းပေါ်တွင် လိုက်ပါလာသည့် မကွေးတိုင်းတာဝန်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC အဖွဲ့ဝင် ဦးအောင်လွင်ဦးမှာမူ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘဲ စစ်တပ်အကူအညီဖြင့် နေပြည်တော်သို့ ချက်ချင်းပြန်လည် ထွက်ခွာသွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗျူဟာအမှတ် (၁၇) ကမူ စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲကို နေရာပေါင်းစုံမှ ဟန့်တားသွားမည်ဟု ကြေညာထားသည်။ 

မြို့သစ်ဒေသခံတစ်ဦးကလည်း ဒီလမ်းပိုင်းမှာ အခုလို အကြီးအကဲတွေပါတဲ့ ယာဉ်တန်း တိုက်ခိုက်ခံရတာ ကြောင့် စစ်တပ်ဘက်က လမ်းပိုင်းလုံခြုံရေးတွေ ပိုတင်းကြပ်လာနိုင်တယ်။ အစည်းအဝေးပျက်သွားလို့ ဦးအောင်လွင်ဦးလည်း ကြောက်ကြောက်လန့်လန့်နဲ့ ပြန်ပြေးသွားရတယ်လို့ ကြားတယ် ဟု ပြောသည်။

ယခုတိုက်ခိုက်မှုနှင့် ပတ်သက်၍ စစ်ကော်မရှင် ဘက်ကမူ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။ 

ဦးအောင်လွင်ဦးသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်ကလည်း မကွေးတိုင်းအစိုးရအဖွဲ့ရုံး၌ ရွေးကောက်ပွဲ ကျင်းပ ရေး အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ဖြစ်သည်။