မကွေးတိုင်း ရခိုင်ရိုးမတောင်ခြေရှိ ဆင်လုပ်သားများနေသည့် ရွာကို စစ်အုပ်စု ပါရာမော်တာဖြင့် ဗုံးကြဲ

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ရှိ ရခိုင်ရိုးမ တောင်ခြေအနီး ဆင်လုပ်သားများ နေထိုင်သည့် ဇွန်းကျ ကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ခိုအောင်းနေသည်ဟု ဆိုကာ စစ်အုပ်စုက စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းတွင် ပါရာမော်တာ ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြို့ခံများက ပြောသည်။

အဆိုပါ ဇွန်းကျကျေးရွာသည် ရွှေတောင်မောင်နှမဟု ခေါ်ဆိုသည့် ရွှေတောင်ကြီး၊ ရွှေတောင်လေး၏ အရှေ့ ဘက် တောင်ခြေအနီးတွင် တည်ရှိပြီး အိမ်ခြေ ၂၅ အိမ်ခန့်သာရှိကာ မှန်ကျေးရွာအုပ်စုအတွင်း ပါဝင်သည့် ရိုးမတောင်ခြေ ရွာတစ်ရွာဖြစ်သည်။

အသက် ၄၀ အရွယ် မဲဇလီကျေးရွာသားတစ်ဦးက အဲ့ရွာက ဆင်လုပ်သားတွေ သီးသန့်နေတဲ့ ရွာပါ NLD ခေတ်မှာ ပြည်ထဲရေး အမည်ပေါက်ခဲ့တယ် ရိုးအခြေရွာပေါ့ မှန်ကျေးရွာအုပ်စုထဲ ပါတယ် ဖုန်းလိုင်း ရတစတ်ချက် မရတစ်ချက်ဆိုတော့ ဘာတွေထိခိုက်လဲ ဆိုတာ စုံစမ်းနေတုန်း ဟု ပြောသည်။

မင်းတုန်းမြို့နယ် အနောက်ခြမ်း ရခိုင်ရိုးမပေါ်ရှိ ကျော်ဖြတ်လမ်းများတွင် နေ့စဉ် တိုက်ပွဲများ ပြင်းထန်လျက် ရှိပြီး စစ်အုပ်စုတပ်ဘက်မှ အထိအခိုက် အကျအဆုံး များပြားပါက ရိုးမတောင်ခြေရှိ ကျေးရွာများကို PDF များ ရှိသည်ဟု စွပ်စွဲကာ လေကြောင်းမှ ဗုံးကြဲလေ့ရှိကြောင်း ဒေသခံများက ဆိုသည်။

တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်က အထိအခိုက် အကျအဆုံးများပါက ရိုးမတောင်ခြေရှိ ကျေးရွာများကို PDF များရှိသည်ဟုဆိုကာ ဗုံးကြဲလေ့ရှိကြောင်း မင်းတုန်းမြို့မှ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့ကလည်း ပုသိမ်-မုံရွာ လမ်းပေါ်ရှိ မဲဇလီနှင့် သရက်အုပ်ကျေးရွာ ဘက်သို့ ဗုံးကြဲခဲ့သဖြင့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ဖူးကြောင်း ထပ်မံ ပြောကြားသည်။

တစ်ဖက်တွင်လည်း မင်းတုန်းမြို့ပေါ်၌ စစ်အုပ်စုက စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများ တင်းကျပ်စွာ ပြုလုပ် နေသဖြင့် လူငယ်အများအပြား ကျေးရွာများဘက်သို့ တိမ်းရှောင်နေကြရသည်။

ပြည်-မင်းတုန်း လိုင်းယာဉ်မောင်းတစ်ဦးက မင်းတုန်းမြို့ပေါ် ကွက်ကွက်လေးပဲ သူတို့ စိုးမိုးတာ အနီးက ရွာတွေက တော်လှန်ရေးဘက်က စိုးမိုးတာ မြို့ပေါ်မှာ အောင်စစ်ခိုင် ကားစပယ်ရာ အဆွဲခံရတော့ ကြောက်ပြီး ရွာကအမျိုးတွေဆီ ပြေးကုန်ကြပြီ ဟု ပြောသည်။

လက်ရှိတွင် မြေပဲ၊ ကုလားပဲ၊ စတော်ပဲနှင့် နေကြာ စသည့် ဆောင်းသီးနှံများ စိုက်ပျိုးရန် တောင်သူများ စိုက်ပျိုး ရေးအတွက် ထွန်ယက်နေချိန်ဖြစ်သော်လည်း စစ်အုပ်စု၏ ပေါ်တာဆွဲမှုနှင့် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ ကြောင့် တောင်ယာ သွားလာရေး အခက်အခဲများနှင့် ကြုံတွေ့နေရသဖြင့် ဒေသခံ တောင်သူများ စိုးရိမ်ပူပန် လျက်ရှိသည်။

ဓာတ်ပုံ – Crd