ရခိုင်ပြည် ပုဏ္ဏားကျွန်း သမိုင်းဝင်စေတီအနီး စစ်အုပ်စု ဗုံးကြဲ၍ အရပ်သား ၂ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်။
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ရှိ သမိုင်းဝင် ဦးရာဇ်တောင်စေတီတော်အနီးသို့ စစ်အုပ်စုက လေကြောင်းမှ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူ ဦး ရေ ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
စက်တင်ဘာလ ၁၃ ရက်နေ့၊ မွန်းတည့် ၁၂ နာရီခန့်တွင် စစ်အုပ်စုက ကြဲချခဲ့သည့် ဗုံးသီးများသည် စေတီရင်း ကျေးရွာဘက်ကမ်းရှိ ဦးရာဇ်တောင်တံတား ချောင်းကမ်းစပ်နှင့် ချောင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး သမိုင်းဝင် ဦးရာဇ်တောင် စေတီတော်ကြီးကိုမူ ထိမှန်ပျက်စီးခဲ့ခြင်း မရှိပေ။
ဒေသခံ ပရဟိတသမားတစ်ဦးက “ဦးရာဇ်တောင်တံတား ချောင်းကမ်းစပ်အနား ဗုံးကျတာလို့ သိရပါတယ်။ အစကတော့ စေတီတော်ထိတယ်လို့ ကြားပေမယ့် နောက်တော့မထိဘူးလို့ သိရတယ်။ စေတီရင်းကျေးရွာ အမျိုးသမီး တစ်ယောက်နဲ့ ရသေ့တောင်က အမျိုးသား တစ်ယောက်သေတယ်။ ပုဏ္ဏားကျွန်းကို စစ်တပ်က ပြန်လိုချင်နေတော့ ဗုံးကြဲတာတွေလည်း လုပ်နေပါတယ်။ မြေပြင်မှာလည်း တိုက်ပွဲ ရက်ဆက်ရှိနေတယ်” ဟု ပြောသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ စေတီရင်းကျေးရွာမှ အသက် ၃၇ နှစ်အရွယ် ဒေါ်စိုးစိုး နှင့် ရသေ့တောင်မြို့နယ်၊ လေးကန်ကျေးရွာမှ ဦးစိုးစိုး တို့မှာ ဗုံးစထိမှန်ကာ နေရာတွင်ပင် သေဆုံးခဲ့ကြ သည်။
ထို့ပြင် စေတီရင်းကျေးရွာမှ အသက် ၇၁ နှစ်အရွယ် ဒေါ်ဦးကျော့စိန်၊ အသက် ၉ နှစ်အရွယ် မဖြူထွေးနှင့် ရသေ့ တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်မှ ဦးအောင်ဝင်းမောင် တို့တွင်လည်း ဗုံးစထိမှန်၍ ဒဏ်ရာများ ရရှိခဲ့ကြသည်။
ထိုနေ့ ည ၁၂ နာရီကျော်တွင်လည်း ပုဏ္ဏားကျွန်း-ကျောက်တော် မြို့နယ်အစပ် နေရာအချို့ကို စစ်အုပ်စုက လေကြောင်းမှ ထပ်မံ ဗုံးကြဲခဲ့သဖြင့် ဒေသခံအချို့မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက် ည ၁၀ နာရီဝန်းကျင်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်ရှိ သမိုင်းဝင် ဂူဝဘုရားကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဘုရားဝင်းအတွင်းရှိ အဆောက်အအုံများ၊ ဂူဝဘုရားပေါ်ရှိ ရဟန္တာ ၅၀၀ ရုပ်ဆင်းတုတော်များနှင့် ရှေးဟောင်းလက်ရာအချို့ ထိခိုက်ပျက်စီးခဲ့သေးသည်။
လက်ရှိတွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား စစ်တွေ-ပုဏ္ဏားကျွန်း နယ်စပ်တစ်လျှောက် တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး စစ်အုပ်စုဘက်မှ အကျအဆုံး များပြားနေချိန်၌ အရပ်သား ပြည်သူများ နေထိုင်ရာ ဒေသများကိုပါ လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
ဓာတ်ပုံ – (ပုဏ္ဏားကျွန်းမြို့နယ်ရှိ သမိုင်းဝင် ဦးရာဇ်တောင်စေတီတော် မြင်ကွင်း / Crd)