စစ်တွေ-ပုဏ္ဏားကျွန်း တိုက်ပွဲနောက်ပိုင်း စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်။
ရခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်း အစပ်တိုက်ပွဲများတွင် အထိနာ၍ ပြန်ဆုတ်နေရသည့် စစ်အုပ်စုတပ်သည် တိုက်ပွဲဖြစ်ပွားရာနှင့် ၁၀ မိုင်ကျော် ကွာဝေးသည့် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာရှိ စစ်ဘေးရှောင် စခန်းကို တိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
စက်တင်ဘာလ ၁၁ ရက်နေ့၊ နံနက်ပိုင်း၌ စစ်အုပ်စုတပ်က ကျောက်ဆိပ်ကျေးရွာရှိ စစ်ဘေးရှောင်စခန်းကို FPV ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ အသက် ၆၃ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သည်။
စက်တင်ဘာလ ၄ ရက်ကတည်းက စစ်တွေမြို့ဘက်မှ ပုဏ္ဏားကျွန်းဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်အုပ်စုတပ် သည် အာရက္ခတပ်တော် (AA) ၏ ခုခံမှုကြောင့် အကျအဆုံးများကာ ပြန်လည်ဆုတ်ခွာနေရချိန်တွင် အပြစ်မဲ့ အရပ်သားပြည်သူများရှိရာ ဒေသများကို အခုလို ပစ်မှတ်ထား တိုက်ခိုက်လာခြင်းဖြစ်သည်။
ကျောက်ဆိပ်ရွာ ဒေသခံအမျိုးသားတစ်ဦးက “သူတို့ မြေပြင်တိုက်ပွဲမှာ အထိနာပြီး ပြန်ဆုတ်သွားရတဲ့ အချိန် ကျမှ စစ်ရေးနဲ့ ဘာမှမဆိုင်တဲ့ စစ်ရှောင်တွေရှိတဲ့ ရွာကို ဒရုန်းနဲ့ လာကြဲတာပါ။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့လည်း ၁၀ မိုင်ကျော်ဝေးတယ်။ ဒါဟာ အပြစ်မဲ့ပြည်သူတွေကို ဗြောင်ကျကျ ပစ်မှတ်ထား တိုက်ခိုက်တာ” ဟု ပြောသည်။
ထို့ပြင် စက်တင်ဘာလ ၁၀ ရက် ည ၉ နာရီ ၄၀ မိနစ်ခန့်ကလည်း ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က ဂျက် ဖိုက်တာ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံ အရပ်သားများ ထိခိုက်သေဆုံးမှုများ ရှိနေသည်။
သို့သော် ဒေသအတွင်း ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသဖြင့် အသေးစိတ် ထိခိုက်ပျက်စီးမှု စာရင်းကို အတည်ပြုနိုင်ရန် အခက်အခဲ ဖြစ်ပေါ်နေသည်။
စစ်အုပ်စုတပ်သည် စက်တင်ဘာလ ၇ ရက်နေ့ကလည်း သံတွဲမြို့နှင့် ကျောက်ကြီးကျေးရွာ စာသင်ကျောင်းအနီး ကို ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲခဲ့သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိပြီး နေအိမ်အဆောက်အအုံများ ပျက်စီးခဲ့ရကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ရေးသတင်းရင်းမြစ်တစ်ခုက “စစ်အုပ်စုက ရခိုင်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ စစ်ကြောင်းထိုးဖို့ ကြိုးစားပေ မဲ့ မြေပြင်မှာ လုံးဝ မတိုးနိုင်ဘဲ အထိနာနေတာပါ။ ဒါကြောင့် မြို့နယ်အသီးသီး က စာသင်ကျောင်းတွေ၊ စစ်ရှောင်စခန်းတွေနဲ့ လူနေကျေးရွာတွေကို လေကြောင်း၊ ဒရုန်းတွေနဲ့ တောက်လျှောက် ပစ်မှတ်ထား တိုက် ခိုက်ပြီး ထိတ်လန့်အောင် လုပ်နေတာ ဖြစ်တယ်” ဟု ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်အတွင်း ဂွ၊ သံတွဲ၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေ အစပ်နယ်မြေများ၌ စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေသည်ဟု ဒေသခံများနှင့် ဒေသတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များက ပြောသည်။