ရခိုင်က မြို့နယ် ၃ ခုကို စစ်အုပ်စုတပ် လေကြောင်းမှကြဲ၊ အရပ်သား ၁ ဦး သေ၊ ၈ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။

ရခိုင်ပြည် စစ်တွေမြို့အနီး တိုက်ပွဲများတွင် အကျအဆုံးများနေသည့် စစ်အုပ်စုတပ်သည် အာရက္ခ တပ်တော် (AA) ထိန်းချုပ်ထားသည့် စစ်တွေမြို့ အနီးဝန်းကျင် မြို့နယ် ၃ ခုကို လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးသွားခဲ့သည်။

လူပေါင်း ၅၀ ဦးထက်မနည်း သေဆုံးခဲ့ရသည့် ကျောက်တော်မြို့ အိန္ဒိယဈေး လေကြောင်းဗုံးကြဲခံရမှု ဖြစ်ပွားပြီး ရက်ပိုင်းအကြာမှာပင် စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ပေါက်တော (ဝီရဋ္ဌာနီ) မြို့နယ်များ အတွင်းရှိ အရပ်သားကျေးရွာများကို ဂျက်ဖိုက်တာများဖြင့် ရမ်းသန်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလ ၃၀ ရက်နေ့ ည ၉ နာရီကျော်တွင် ပုဏ္ဏားကျွန်းမြို့အနီး စစ်ဘေးရှောင်များ ခိုလှုံနေသည့် ကျောက်ဆိပ်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သဖြင့် ပုဏ္ဏားကျွန်းမြို့ပေါ်မှ စစ်ဘေးရှောင်လာသည့် အသက် ၄ နှစ်အရွယ် မောင်နေကျော်လင်း၏ ဘယ်ဘက်ခြေထောက် ထိမှန်ခဲ့ပြီး အသက် ၂၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးလည်း ခန္ဓာကိုယ်အနှံ့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ပုဏ္ဏားကျွန်း ဒေသခံတစ်ဦးက “စစ်တွေဘက်မှာ မြေပြင်တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုတပ် အကျအဆုံးများသွားရင် ဒီဘက်ကို လေယာဉ်နဲ့ တန်းလာကြဲတော့တာပဲ။ စစ်ဘေးရှောင်တွေ ဒုက္ခရောက်နေတာကို ကြည့်မရလို့ တမင် ရမ်းသန်းပစ်တာ။ တစ်ညလုံး ပုဏ္ဏားကျွန်း ပတ်ဝန်းကျင်မှာ လေယာဉ်သံ လက်နက်ကြီးသံတွေ ဆူညံပြီး ဗုံးတွေ ဆက်တိုက် ကြဲနေတာပါ” ဟု ပြောသည်။

အလားတူ ရသေ့တောင်မြို့နယ် မူစဲကျွန်းဒေသ ကူတောင်ကျေးရွာကိုလည်း ည ၁၀ နာရီခန့်တွင် စစ်အုပ်စုတပ်က ပေါက်ကွဲအားပြင်း ဗုံး နှစ်လုံး ကြဲချခဲ့ရာ နေအိမ်အတွင်း ရှိနေသည့် လင်မယား နှစ်ဦး ထိမှန်ခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် အသက် ၅၁ နှစ်အရွယ် ဦးအောင်ထွန်းသိန်း သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ ထိမှန် ဒဏ်ရာရခဲ့ သည့်အပြင် အနီးအနားရှိ နေအိမ်များပါ ပျက်စီးသွားခဲ့သည်။

ရသေ့တောင် ဒေသခံတစ်ဦးက “နေအိမ်ပေါ် တည့်တည့်ကျသွားတော့ လင်မယား နှစ်ဦးလုံး ဗုံးစထိမှန်တာ။ ယောက်ျားဖြစ်သူကတော့ သေသွားတယ်။ သူ့မိန်းမ ဒေါ်ဝင်းနုကတော့ ဒဏ်ရာရသွားတယ်။ အနားက အိမ်တွေပါ ပျက်စီးသွားတော့ အခု ရွာသားတွေ စစ်ဘေး ထပ်ရှောင်နေကြရတယ်” ဟု ပြောသည်။

ထို့ပြင် ပေါက်တောမြို့နယ်ကိုလည်း ညသန်းခေါင် ၁၂ နာရီကျော်တွင် လေယာဉ်ဖြင့် ဗုံးများ ဆက်တိုက် ကြဲချခဲ့ သဖြင့် အရပ်သား ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) က စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ရာ၌ စစ်အုပ်စုတပ်သည် ဈေးကဲ့သို့သော အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထား တိုက်ခိုက်နေပြီး၊ အရပ်သားများအပေါ် ပစ်မှတ်မခွဲခြားဘဲ လေကြောင်းမှ တိုက်ခိုက်ခြင်း သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုဖြစ်ကြောင်း ထောက်ပြထားသည်။

လက်ရှိတွင် စစ်တွေမြို့ပေါ်အထိ ပစ်ခတ်သံများ ကြားနေရပြီး စစ်အုပ်စုတပ်သည် မြေပြင်တိုက်ပွဲများတွင် အကျ အဆုံးများပြားလာသည့် အခါ AA ထိန်းချုပ်ထားသည့် အနီးဝန်းကျင် အရပ်သားကျေးရွာများကို လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။