ရခိုင်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား သေဆုံးထိခိုက်မှု မြင့်တက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်။
စစ်တွေ-ပုဏ္ဏားကျွန်း စစ်မြေပြင်တွင် အထိနာပြီး စစ်ရေးရှုံးနိမ့်နေသည့် စစ်တပ်သည် ရခိုင်ပြည်အနှံ့ရှိ စစ်ရေး နှင့် မသက်ဆိုင်သော အရပ်သားကျေးရွာများကို ပစ်မှတ်ထား၍ နေ့စဉ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် နေသဖြင့် အရပ်သား သေဆုံးထိခိုက်မှုများနှင့် ပျက်စီးဆုံးရှုံးမှုများ မြင့်တက်လျက်ရှိသည်။
စက်တင်ဘာလ ၂၁ ရက်နေ့တစ်ရက်တည်း၌ပင် စစ်အုပ်စုတပ်သည် ဂွ၊ ပေါက်တော (ဝီရဌာနီ)၊ မင်းပြား (အဉ္ဇနပူရ) စသည့် မြို့နယ်များကို ဂျက်ဖိုက်တာများဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဉ်များအနက် ပေါက်တောမြို့နယ်၊ တောင်ဖူးကျေးရွာကို စက်တင်ဘာ ၂၁ ရက် နံနက်စောစော ၁၂ နာရီ ၂၅ မိနစ်မှစ၍ စစ်အုပ်စုတပ်က လေကြောင်းမှ တိုက်ခိုက်မှု ၇ ကြိမ်ပြုလုပ်ကာ ဗုံး ၁၀ လုံးထက်မနည်း ကြဲချခဲ့ သည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် တောင်ဖူးကူးတို့ဆိပ်အနီး ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးပြင် ကျေးရွာမှ တောင်ဖူးကျေးရွာသို့ အလည်ရောက်ရှိနေသူ အသက် ၃၂ နှစ်အရွယ် ဒေါ်ဝင်းမြတ်အေးမှာ ဦးခေါင်း တွင် ပြင်းထန်ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူရန် ပို့ဆောင်စဉ် လမ်း၌ ကွယ်လွန်သွားခဲ့သည်။
ထို့ပြင် တောင်းဖူးရွာမှ အသက် ၄၃ နှစ်အရွယ် ဒေါ်အေးခင်သိန်းမှာလည်း ညာဘက်ပခုံးနှင့် ညှပ်ရိုးတို့တွင် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ဖူးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း၊ စာသင် ကျောင်း ၁ ကျောင်းနှင့် တောင်ဖူးဘုရားကြီးတို့မှာလည်း လုံးဝနီးပါး ပျက်စီးသွားခဲ့ရသည်။
ပေါက်တောဒေသခံတစ်ဦးက “ဒီဘက်မှာတော့ လေကြောင်းဗုံးကြဲမှုတွေက ဆက်တိုက်ဆိုသလိုကို ရှိနေတာ။ စစ်တွေတိုက်ပွဲမှာ စစ်တပ်က အထိနာနေတော့ အနီးနားက ရွာတွေကို လိုက်ပြီး ဗုံးကြဲနေတာဖြစ်တယ်။ ဒါ ကြောင့် အခုအချိန်မှာ စစ်တွေနဲ့ နီးတဲ့နေရာတွေဟာ လေကြောင်းအန္တရာယ် အရမ်းများလို့ အထူးသတိထား နေရတယ်” ဟု ပြောသည်။
အလားတူ ရခိုင်ပြည်တောင်ပိုင်း ဂွမြို့နယ်၊ ဆပ်သွားကျေးရွာသို့လည်း စက်တင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာတစ်စီးက ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း ဗုံးကျရောက်ပေါက်ကွဲကာ (၈) တန်းကျောင်းသား မောင်ဇွဲထက်အောင် (၁၄ နှစ်) နှင့် ဦးနေလင်းအောင် (၄၄ နှစ်) တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နီးစပ်ရာ ဆေးရုံဆေးခန်းများ၌ ဆေးကုသမှု ခံယူနေရသည်။ ထို့ပြင် လူနေအိမ် ၁ ဆောင်၊ ဆိုင်ခန်း ၃ ခန်း ပျက်စီးခဲ့ရပြီး ဒေသခံများ၏ ဆိတ် ၂ ကောင်လည်း သေဆုံးခဲ့ရသည်။
ထို့ပြင် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်၊ သစ်ပုတ်တောင်ကျေးရွာ အရှေ့ဘက် တောင်တန်းကိုလည်း စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံး ၂ လုံး ကြဲချခဲ့သဖြင့် ကျေးရွာအတွင်း ဗုံးစများ ကျရောက်ခဲ့သည်။
မင်းပြားဒေသခံ အမျိုးသမီးတစ်ဦးက “ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံး ၂ လုံး လာကြဲတာပါ။ ရွာအရှေ့ဘက် တောင် တန်းတွေကို ပစ်မှတ်ထားတာဆိုပေမဲ့ လေယာဉ်က ရွာပေါ်မှာ အကြာကြီး ဝဲပျံနေခဲ့တာ။ ရွာထဲကိုလည်း ဗုံးစတွေ လာကျတယ်။ လေယာဉ်ကလည်း လာတော့ အကုန်လုံး မနေရဲကြတော့ဘဲ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်” ဟု ပြောသည်။
ထို့ပြင် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် မြေပုံမြို့နယ်ပေါ်၌ ဂျက်ဖိုက်တာတစ်စီး ဝဲပျံခဲ့သဖြင့် မြို့ခံများ စိုးရိမ်ထိတ် လန့်ခဲ့ရသကဲ့သို့ စက်တင်ဘာလ ၂၀ ရက်နေ့ ကလည်း ရသေ့တောင်မြို့နယ် မိုးစဲကျွန်းဒေသ ဇီးကိုင်းရွာသို့ စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့သဖြင့် ဒေသခံ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရသေးသည်။
စစ်အုပ်စုတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းကစ၍ “၄၉၂၆ စစ်ဆင်ရေး” အမည်ဖြင့် ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တွေမြို့မှနေ၍ ကြည်း၊ ရေ၊ လေ အင်အားအမြောက်အမြားသုံးကာ ထိုးစစ်ဆင်ခဲ့သော်လည်း တပ်ဦးကျိုးကာ အထိနာဆုတ်ခွာခဲ့ရသည်။ အဆိုပါ တိုက်ပွဲအတွင်း စစ်အုပ်စုတပ်၏ ရုပ်အလောင်းများ၊ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်း အများအပြားကို အာရက္ခတပ်တော်က သိမ်းပိုက်ရရှိခဲ့သည်။
မြေပြင်စစ်ရေးတွင် အရေးနိမ့်နေသည့် စစ်အုပ်စုတပ်၏ အခြေအနေနှင့် ပတ်သက်၍ ရခိုင်ဒေသခံတစ်ဦးက “ဒီလထဲ စစ်တွေတိုက်ပွဲမှာ စစ်တပ်က အရမ်းအထိနာနေတာ။ အဲ့လိုအထိနာပြီး တပ်ဆုတ်ခဲ့ရတော့ စစ်ရေးနဲ့ လုံးဝမသက်ဆိုင်တဲ့ ရွာတွေကို ရည်ရွယ်ချက်ရှိရှိ နေ့တိုင်း မနားတမ်း လိုက်ဗုံးကြဲနေတာပါ” ဟု ပြောသည်။
လက်ရှိတွင် စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော (ဝီရဌာနီ)၊ မင်းပြား (အဉ္ဇနပူရ)၊ သံတွဲနှင့် ကျောက်ဖြူ စသည့် မြို့နယ်များရှိ လူနေရပ်ကွက်များနှင့် ကျေးရွာများကို လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်လျက် ရှိသည်။
ဓါတ်ပုံ – Crd