အထိနာလာသော စစ်တပ်က စစ်တွေ-ပုဏ္ဏားကျွန်း စစ်မျက်နှာတွင် လေကြောင်းနှင့် လက်နက်ကြီး အားပြုလာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။

ရခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်း စစ်မျက်နှာတွင် အာရက္ခတပ်တော် (AA) ၏ တန်ပြန်ထိုးစစ်ကြောင့် မြေပြင်၌ အထိနာနေသည့် စစ်အုပ်စုသည် စစ်တွေမြို့အနီးဝန်းကျင်ရှိ ကျေးရွာများကို လေကြောင်းနှင့် လက်နက်ကြီး များ အသုံးပြုကာ ဆက်တိုက် တိုက်ခိုက်လာနေကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စက်တင်ဘာလ ၄ ရက်နေ့မှစတင်၍ စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့ အင်အား ၁,၀၀၀ ကျော် ဖြင့် စစ်ကြောင်းများခွဲကာ ထိုးစစ်ဆင်ခဲ့သော်လည်း AA ဘက်က ဝါဘိုနှင့် စပါးထားကျေးရွာများကို ပြန်လည် ခြေကုပ်ယူနိုင်ခဲ့သည့်အပြင် စစ်တွေဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ ကံကော်ကျွန်းအထိ ဆက်လက် ထိုးစစ်ဆင်လာသဖြင့် စစ်အုပ်စုတပ် စစ်ကြောင်းများ အထိနာကာ ဆုတ်ခွာခဲ့ရခြင်း ဖြစ်သည်။

ဒေသခံ စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက “စစ်တွေ-ပုဏ္ဏားကျွန်း နယ်စပ်မှာ စစ်တပ်ရဲ့ စစ်ကြောင်း တွေ အကျအဆုံးများတယ်။ ပြန်ဆုတ်နိုင်ခဲ့တာရှိသလို တချို့က နေရာတွေမှာ ပိတ်မိပြီး စစ်တွေဘက် ပြန် မဆုတ်နိုင်တာတွေရှိတယ်။ AA က နယ်စပ်ကပိတ်ပြီး စစ်ဆိုင်ထားတော့ ပိတ်မိတဲ့ စစ်သားတွေ ပြန်ထွက်လို့ မရဘူး။ အခု စစ်တပ်က လေကြောင်းကိုပဲ အားပြုနေရတယ်” ဟု ပြောဆိုသည်။

မြေပြင်တွင် အကျအဆုံးများနေသည့် စစ်အုပ်စုတပ်သည် စက်တင်ဘာလ ၃၀ ရက်နေ့၊ ည ၉ နာရီခန့်က ပုဏ္ဏားကျွန်းမြို့အနီး စစ်ဘေးရှောင်များ ခိုလှုံနေသည့် ကျောက်ဆိပ်ကျေးရွာကို လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် ပုဏ္ဏားကျွန်းမြို့ပေါ်မှ စစ်ဘေးရှောင်လာသူ အသက် ၄ နှစ်အရွယ် မောင်နေကျော်လင်းနှင့် ကျောက်ဆိပ်ရွာသူ အသက် ၂၆ နှစ်အရွယ် မခင်ခင်သန်းတို့ ဒဏ်ရာရရှိခဲ့သည်။

အခြား ဒေသခံ စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးကလည်း “စစ်တွေ-ပုဏ္ဏားကျွန်း နယ်စပ်မှာ စစ် ကြောင်းထိုးတာတွေက အကျအဆုံးတွေနဲ့ ရင်ဆိုင်ရတော့ လေကြောင်းနဲ့ လက်နက်ကြီးပစ်တာတွေ လုပ်ဆောင် နေပါတယ်။ ပုဏ္ဏားကျွန်းမြို့ပေါ် အထိ ဗုံးကြဲတာ ၂ ယောက် ဒဏ်ရာရတယ်။ စစ်တွေ-ပုဏ္ဏားကျွန်း-ရသေ့ တောင် လမ်းပေါ်က တံဘက်လှမ်းရွာကိုလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေပါတယ်။ ဒေသခံတွေကတော့ တိမ်းရှောင်ပေမဲ့ တချို့က ပြေးဖို့နေရာမရှိသလို ဖြစ်နေတယ်” ဟု ပြောသည်။

စစ်အုပ်စုတပ်သည် စက်တင်ဘာလ ၂၈ ရက်က စစ်တွေ-ပုဏ္ဏားကျွန်း နယ်စပ်တောင်တန်းများကို ကင်းထောက် လေယာဉ်များဖြင့် ပျံသန်းထောက်လှမ်းကာ ဒရုန်းဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး စက်တင်ဘာလ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင်လည်း ကံကော်ကျွန်း၊ ဝါဘို၊ စပါးထားနှင့် တံဘက်လှမ်းကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်ခဲ့သည်။

ထို့ပြင် စက်တင်ဘာလ ၂၃ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ဖက်ကျကျေးရွာကို စစ်အုပ်စုတပ်က Y-12 လေယာဉ်တစ်စီး၊ ဂျက်တိုက်လေယာဉ်နှစ်စီးတို့ဖြင့် နာရီဝက်ခန့် ဗုံးကြဲခဲ့၍ အရပ်သား ၂ ဦး သေဆုံးကာ နေအိမ် ၂၅ လုံး ပျက်စီးခဲ့သည့်အပြင် စက်တင်ဘာလ ၂၀ ရက်ကလည်း ကုလားချောင်းကျေးရွာကို ဂျက်တိုက်လေယာဉ် ဖြင့် ဗုံးကြဲခဲ့သဖြင့် အရပ်သား ၁ ဦး သေဆုံးခဲ့ရသည်။

လက်ရှိတွင် စစ်တွေ-ပုဏ္ဏားကျွန်း နယ်စပ်ရှိ ကြက်တောရာ၊ ပါဒလိပ်၊ မံစီ၊ အမ်ဘာရီနှင့် ကျောက်တန်းကျေးရွာ တို့၌ စစ်အုပ်စုတပ်၏ စစ်ရေးလှုပ်ရှားမှုများ ရှိနေပြီး စစ်တွေ-ပုဏ္ဏားကျွန်း-ရသေ့တောင် လမ်းမကြီး အနီးဝန်း ကျင်သို့ ထပ်မံစစ်ကြောင်းထိုးရန် ပြင်ဆင်လျက်ရှိသည်။

ဓါတ်ပုံ – (စက်တင်ဘာ ၁၃ ရက်နေ့က ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်တော်ဘုရား တောင်ခြေ ကြိုးတံတားအနီး စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှု မြင်ကွင်း။ / AA Info Desk)