ဦးကျော်မိုးထွန်း ကုလသမဂ္ဂသံအမတ်ကြီး ရာထူး မတရား ရယူထားကြောင်း စစ်အုပ်စု စွပ်စွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်။
လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂ ကိုယ်စားလှယ် အထောက်အထား စိစစ်ရေး ကော်မတီက မြန်မာနိုင်ငံ ကိုယ်စားလှယ်နေရာအတွက် ဆုံးဖြတ်ရန် ပြင်ဆင်နေချိန်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် အဆိုပါ ရာထူးအား တရားမဝင် ရယူထားခြင်းဖြစ်ကြောင်း စစ်ကောင်စီက စွပ်စွဲလိုက်သည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ပြီးနောက် ရာထူးမှ ထုတ်ပယ်ခံထားရသူဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းဆောင်ရွက်နေသည့်အတွက် တရားမဝင်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ကုလသမဂ္ဂ ကိုယ်စားလှယ် အထောက်အထား စိစစ်ရေး ကော်မတီအသစ်တွင် အမေရိကန်၊ တရုတ်၊ ရုရှား၊ ဘာဟားမား၊ ဘယ်လ်ဂျီယံ၊ ဘီနင်၊ ဂျမေကာ၊ ယူဂန္ဓာနှင့် ဗာနူအာတူ နိုင်ငံများ ပါဝင်သည်။
ကော်မတီအတွင်း စစ်ကောင်စီအား စစ်လက်နက်နှင့် သံတမန်ရေးအရ အကာအကွယ်ပေးထားသည့် တရုတ်၊ ရုရှားတို့နှင့် စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုများ ချမှတ်ထားသည့် အမေရိကန်တို့အကြား သဘောထား အားပြိုင်မှုများ ရှိနေသည်။
စစ်တပ်က အာဏာသိမ်းခဲ့သည့် အချိန်မှစ၍ ကော်မတီအနေဖြင့် ဆုံးဖြတ်ချက်ကို နှစ်စဉ် ရွှေ့ဆိုင်းထားခဲ့သဖြင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကို ဆက်လက် ကိုယ်စားပြုခွင့် ရရှိနေခြင်း ဖြစ်သည်။