စစ်အုပ်စု ကိုယ်စားလှယ်ကို ကုလ လက်မခံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်။
ကုလသမဂ္ဂတွင် စစ်အုပ်စု၏ ကိုယ်စားလှယ်ကို အစားထိုးခန့်အပ်ရန်နှင့် နိုင်ငံတကာ တရားဝင်မှုရရှိရန် စစ်ကော်မရှင်၏ အကြိမ်ကြိမ် ကြိုးပမ်းမှုသည် (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် နောက် ထပ်တစ်ကြိမ် ထပ်မံပယ်ချခံလိုက်ရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်သည့် အရည်အချင်းစစ် ကော်မတီ (Credentials Committee) ၏ အစီရင်ခံစာ အတည်ပြုပွဲတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုခွင့်ကို ဆက်လက်ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပင် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ယခင်နှစ်များအတိုင်း ဆက်လက် ရပ်တည်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
မြေပြင်တွင် ဆေးရုံ၊ စာသင်ကျောင်းများနှင့် အရပ်သားပြည်သူများအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း စသည့် စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေခြင်းကြောင့် စစ်ကောင်စီသည် နိုင်ငံတကာ၏ ဖယ်ကြဉ် ခြင်းကို ဆက်လက်ကြုံတွေ့နေရခြင်း ဖြစ်သည်။
ဤဆုံးဖြတ်ချက်နှင့် ပတ်သက်၍ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “ကုလသမဂ္ဂလို နေရာမှာ လူထုထောက်ခံတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း မြန်မာနိုင်ငံကို ကိုယ်စားပြု ရှိနေခြင်းဟာ မြန်မာ နိုင်ငံနဲ့ မြန်မာပြည်သူလူထုအတွက် အလွန်အရေးကြီးလှပါတယ်” ဟု ပြောသည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် (၇၉) ကြိမ်မြောက် ညီလာခံအတွင်း၌ မိန့်ခွန်းပေါင်းများစွာ ပြောကြားကာ မြန်မာ့အရေးကို ကမ္ဘာက အလေးထားလာအောင် ဆောင်ရွက်ခဲ့ပြီး လက်ရှိ (၈၀) ကြိမ်မြောက် ညီလာခံတွင် လည်း ပြည်သူတို့၏အသံကို ဆက်လက် တင်ပြနေဆဲ ဖြစ်သည်။
၎င်း၏ ရပ်တည်ချက်နှင့် ပတ်သက်၍ Progressive Voice ၏ ဒေါ်ခင်ဥမ္မာက “တိုင်းပြည်ကို ကိုယ်စားပြုခွင့်ဆို တဲ့ ခုံမှာ ဦးကျော်မိုးထွန်းက ပြည်သူကို ကိုယ်စားပြု ထိုင်ခွင့်ရနေခြင်းက ကျမတို့ ပြည်သူတွေရဲ့ အချုပ်အခြာ အာဏာဟာ ပြည်သူ့လက်ထဲမှာ ရှိနေတယ်ဆိုတဲ့ ဥစ္စာကို ကျမတို့က ဒါလုံးဝ ခိုင်ခိုင်မာမာ ယုံကြည်ခွင့်ရမယ်” ဟု ဆိုသည်။
သံအမတ်ကြီးသည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ တည် ထောင်ရေးနှင့် ကျူးလွန်သူများကို နိုင်ငံတကာတရားစီရင်မှုဖြင့် အရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂ မျက်နှာစာမှ ဆက်လက်ကြိုးပမ်းသွားမည်ဟု ဆိုသည်။
ND-Burma မှ ပြောရေးဆိုခွင့်ရှိသူ ဆန်ထွယ်ကလည်း “ကျမတို့ရဲ့ အသံ၊ ကျမတို့ရဲ့ ဒီတော်လှန်ရေး အဖွဲ့ အစည်းတွေအတွက် သူက ရပ်တည်တဲ့လူ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူဆက်ရှိသင့်တယ်” ဟု ၎င်း၏ အခန်းကဏ္ဍ အရေးပါမှုကို အလေးပေး ပြောဆိုသည်။
လက်ရှိတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး အနေဖြင့် မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေသည့် စစ်အုပ်စုနှင့် ၎င်း၏ အပေါင်းအပါများကို နိုင်ငံတကာ တရားစီရင် မှုဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာစေရေးအတွက် အရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
စစ်ကော်မရှင်က ၎င်းတို့၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ် ပြုလာ စေရန် သံတမန်ရေးအရ ဖိအားပေးကြိုးပမ်းနေချိန်တွင် ကုလသမဂ္ဂက ယခုကဲ့သို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုသာ ဆက်လက်အသိအမှတ်ပြုထားခြင်းသည် စစ်အုပ်စုအတွက် ကြီးမားသည့် သံတမန်ရေးရာ ထိုးနှက်ချက် တစ်ခုလည်း ဖြစ်နေသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားသည်။
ထို့ကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် လာမည့် (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ သက်တမ်းတစ်လျှောက်လုံးတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ၏ ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ပေါ်ပေါက်လာစေရန် အဓိကကျသည့် အခန်းကဏ္ဍမှ ဆက်လက် တာဝန်ယူသွားမည်ဖြစ်သည်။