ဦးကျော်မိုးထွန်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် အဖြစ် ဆက်လက် တည်ရှိမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။ 

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်း ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရန် နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ် စိစစ်ရေး ကော်မတီက မနေ့က အစည်းအဝေးတွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။ 

သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် NLD အစိုးရ လက်ထက်ကတည်း က တာဝန်ထမ်းဆောင်သူ ဖြစ်သည်။ 

စစ်တပ်က အာဏာသိမ်းယူသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူလူထုဘက်မှ ရပ်တည်ခဲ့သူဖြစ်သည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ဦးကျော်မိုးထွန်းက လက်သုံးချောင်းထောင်က စစ်ကောင်စီ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကိုယ်စား ရပ်တည်ခဲ့သည်။ 

စစ်ကောင်စီက သူ့ကို နောက်တရက်တွင် သံအမတ်ကြီး အဖြစ်မှ ထုတ်ပယ်ကြောင်း ကျေညာခဲ့သည်။ 

သို့သော်လည်း ကုလသမဂ္ဂ အနေဖြင့် မြန်မာစစ်ကောင်စီကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အသိအမှတ် ပြုခြင်းမပြုခဲ့သည့်အတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂ ဆိုင်ရာ  မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။ 

ယင်း အနေအထားကို နှစ်စဉ် သက်တမ်းတိုးလာခဲ့ရာမှ ယခုနှစ်တွင်လည်း မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် ဆက်လက် တည်ရှိခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။