ပခုက္ကူမြို့နယ်ရှိ ပျူစောထီးရွာအား အညာမြေ တပ်ပေါင်းစု ဝင်ရောက်တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်။ 

ပခုက္ကူမြို့နယ်ထဲက ပျူစောထီးကျေးရွာအား အညာမြေတပ်ပေါင်းစုမှ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သည်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပျူစောထီး အခြေစိုက် အနောက်မန်ကျည်းကန်ကျေးရွာအား အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၂ ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု မြေပြင်အရင်းအမြစ်များက ပြောသည်။

အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မန်ကျည်းကန်တို့၊ သဲကြီးတော့ စတဲ့ ပျူစောထီး ရွာတွေကတော့ ကျနော်တို့ဖက်ကို ပြန်ပြီးတော့ မထိုးလာဘူးဗျ။ အဲ့လို မထိုးလာဘူးဆိုတာက ကျနော်တို့ ဝင်ပြီးတော့ တိုက်ခိုက်ကတည်းက သူတို့ရဲ့ တချို့တဝက် ပြည်စောထီးနဲ့ စစ်ခွေးတွေက အခုပေါက်မြို့နယ်ကို ဦးတည်နေတဲ့ အင်အား ၄၀၀ ကျော်စစ်ကြောင်းထဲ ပါသွားတဲ့အတွက် ကျနော်တို့က အင်အားနည်းတဲ့အချိန်မှာ ဝင်ပြီးတော့ လုံးလိုက်တာမလို့ သူတို့ဖက်က ပြန်ပြီးတော့ တန်ပြန်တော့ မထိုးနိုင်ဘူးခင်ဗျ။ အခု အခြေအနေ ကတော့ ဒီတိုင်းပြီးတဲ့ အနေထား ဖြစ်သွားတာပေါ့ ဟု ပြောသည်။

စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့များ အင်အားနည်းနေသည့် အချိန်တွင် ပခုက္ကူမြို့နှင့် မြစ်ခြေမြို့ ကြားရှိ အနောက်မန်ကျည်းကန်ကျေးရွာအား အညာမြေတပ်ပေါင်းစုမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ၁၀ ရက်နေ့၊ နံနက် ၅ နာရီမှ ၇ နာရီအထိ ၂ နာရီကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ဘန်ကာ ၃ လုံး သိမ်းယူနိုင်ခဲ့ပြီး ဘဲကြီးကုန်းကျေးရွာ အခြေစိုက် ပျူစောထီးများနှင့် ပခုက္ကူတပ်မ ၁၀၁ မှ စစ်ကူ ရောက်ရှိလာမှုကြောင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း အညာမြေတပ်ပေါင်းစုမှ တပ်ဖွဲ့ဝင် ၃ ဦးမှာ မစိုးရိမ်ဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိတွင် လုံခြုံသည့် နေရာတွင် ဆေးကုသမှု ခံယူနေသည်ဟု ကိုဘိုဘိုသန့်ဇင်က ဆက်ပြောသည်။

ကျနော်တို့ဖက်က ရဲဘော် ၃ ယောက်ကတော့ ပွဲအတွင်းမှာ အပြန်အလှန် ပစ်ကြရင်းနဲ့ လက်ပြတ်သီး ထိသွား တာပေါ့။ လက်ပြတ်သီး ထိသွားတဲ့အခါမှာ ရဲဘော်တစ်ယောက်ကတော့ သက်တောင့်သက်တာ ဒဏ်ရာမျိုး ဖြစ် ပြီးတော့ ရဲဘော်တစ်ယောက်ကတော့ နည်းနည်းလေးတော့ ပြင်းထန်တာမျိုးလည်း မဟုတ်ဘူး။ မပြင်းထန်တာ မျိုးလည်း မဟုတ်တဲ့ အခြေအနေပေါ့။ သူကတော့ နားရွက်နောက်ပိုင်းနဲ့ လည်ပင်းနားလေး နည်းနည်း ထိခိုက် သွားတာပေါ့။ အဲဒါကိုတော့ ဆေးဝါးကုသနေပါတယ်။” 

အဆိုပါ စစ်ဆင်ရေးအား အညာမြေတပ်ပေါင်းစုနှင့်အတူ ဧရာဒေါင်းတပ်ဖွဲ့၊ နယ်စည်းမခြား(PKU) ကိုရေခဲနှင့် ဗလညီနောင် ခေါင်းဆောင်လူငယ်‌ ပြောက်ကျား တပ်ဖွဲ့၊ ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့၊ PLO ပြောက်ကျားတပ်ဖွဲ့၊ မုန်တိုင်း ပြောက်ကျားတပ်ဖွဲ့၊ DYT ပျောက်ကြားတပ်ဖွဲ့၊ BLY ပေါက်(ပကဖ)၊ သခင်ဖိုးလှကြီး (မကွေးခရိုင် ပကဖ တပ်ခွဲ ၆) Burmese Revolution Ranger, PI PDF, God fo myaing, 21bagan, Younth Guettilla force(Y.G.F) စသည့် အဖွဲ့များမှ ပူးပေါင်းစစ်ရေး ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ၁၂ ရက်နေ့ စစ်ရေး အခြေအနေအရ စစ်ကောင်စီ၏ အင်အား ၄၀၀ ပါ စစ်ကြောင်းမှာ ကမ္မမြို့တွင် တပ်ဖြန့်ထားပြီး ဒေသခံများထံမှ သိမ်းယူထားသည့် ကား ၃ စီးနှင့် ညောင်ဂျစ်ပင်ကျေးရွာရှိ ဘုန်းကြီးကျောင်း တွင် ရိက္ခာစုဆောင်းနေသည်ဟု ဆိုကြသည်။

ထို့အပြင် ဂျိုးပျံကျေးရွာ၌လည်း ရိက္ခာတင်သည့် စစ်ကောင်စီယာဉ်တန်းများ တွေ့ရသည်ဟု မြေပြင် သတင်းပေး များ၏ ပြောပြချက်အရ သိရသည်။